ပွင့်ဖြူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ဖေဖော်ရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့၊ အမှတ်(၂)အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ သွားရောက်ပြီး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ပွင့်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ပြည်‌ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်‌ရေး သိရှိလိုက်နာရမည့် အချက်များကိုလည်းကောင်း ၊ ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် အားလပ်ချိန်များတွင် စာပေသိမှတ်ဖွယ်ရာ လေ့လာဖတ်ရှုရန် အချက်များကိုလည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆရာ၊ ဆရာမ များနှင့် ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ ကြပြီး ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။      

ရဲဝင်းနိုင် (ညောင်ဦး)