ထားဝယ်မြို့တွင် ဖောင်းတောကြီးချောင်းရေအားလျှပ်စစ်စီမံကိန်းအတွက်  ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်တိုင်းတာ သတ်မှတ်ခြင်း စီမံကိန်းနှင့် သက်ဆိုင်သူများအား တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ထားဝယ် ဖေဖော်ဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ထားဝယ်မှ အရှေ့ဘက် ၂၁ မိုင်ခန့်အကွာတွင် ရှိသော ဖောင်းတောကြီးချောင်း ရေအားလျှပ်စစ်စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်တိုင်းတာ သတ်မှတ်ခြင်း စီမံကိန်းနှင့်သက်ဆိုင်သူများအား တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့၊ High Star Guest Hose ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းက ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းတွင် စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းစီ(သို့) စီမံကိန်းတွင် အကျိုးသက်ဆိုင်သူများ၏အမြင်၊ အလေးထားမှုနှင့် သဘောထားများကိုထည့်သွင်းစဉ်းစားရန်၊ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းတွင် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း၏ ရလာဒ်များ၊ ထိခိုက်ခံစားရသည့် အများပြည်သူနှင့် အခြားသက်ဆိုင်သူများ၏ ပတ်ဝန်းကျင်နှင့် လူမှုရေးပြဿနာများပါဝင်ထည့်သွင်းစဉ်းစားရန်၊ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ဆန်းစစ်ခြင်း၊ ဆိုးကျိုးသက်သာလျော့နည်းစေသည့် အရေးယူ ဆောင်ရွက်ချက်များကို ဒီဇိုင်း ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲမှုစောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်ရေးဆွဲခြင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုမှ ထွက်ပေါ်လာသည့် စိုးရိမ်ကြောင့်ကြမှုများကို ထည့်သွင်းစဉ်းစားရန်စသည့် ရည်ရွယ်ချက်များဖြင့် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် Pan Theingi Energy Co., Ltd မှ ဦးဆောင်ညွန်ကြားရေးမှူး၊ ဒေါက်တာစိုးမိုး နှင့် Environmental Compliance Consultancy Co., Ltd မှ အတိုင်ပင်ခံအရာရှိ ဦးအောင်ကောင်းမြတ် တို့က ကုမ္ပဏီမှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းအားရှင်းလင်းပြောကြားပြီး Pan Theingi Energy Co., Ltd မှ ဒါရိုက်တာ ဦးဟန်ဆွေဦး က ဖောင်းတောကြီးချောင်းရေအားလျှပ်စစ်စီမံကိန်း နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ Environmental Compliance Consultancy Co., Ltd မှ အတိုင်ပင်ခံအရာရှိ ဒေါ်မြတ်မွန်ဆွေက ဖောင်းတောကြီးချောင်း ရေအားလျှပ်စစ်စီမံကိန်း အတွက် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်တိုင်းတာ သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တက်ရောက် လာကြသူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုမ္ပဏီများမှတာဝန်ရှိသူများ၊‌ ဖောင်းတောကြီး မီးစက်ကျေးရွာမှ‌ ဒေသခံပြည်သူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)