တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၉

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျပန်းစကား ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။  

ရှေးဦးစွာ အထက်တန်းအဆင့်ကျောင်းသူလေးများက ပြည်ထောင်စုနေ့ မိခင်မှသန္ဓေတည် လွတ်လပ်ရေးနေ့ အမွေကို မွေးဖွားသည် ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများက ကြည့်ရှု့အားပေးခဲ့ကြပြီးအကဲဖြတ် ဒိုင်အဖွဲ့များက စိစစ်ရွေးချယ်အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။

ထို့နောက် ကျောင်းသား/သူများက သွေးချင်းများ ပီပီသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန် ရှိသူများက စာစီစာကုံး၊ ကျပန်းစကားပြော၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့် သည်။

ဆက်လက်၍ ကျောင်းသား/သူများ တက်ရောက်လာသော ဧည့်သည်တော်များအား စည်းလုံးခြင်းသည် အင်အား သီချင်းဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)