(၇၅)နှစ်မြောက် စိန်ရတုပြည်​ထောင်စုနေ့ အထိမ်းအမှတ် လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲ ကျင်းပ

ပြည်  ဖေဖော်ဝါရီ  ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လှယဉ်ကျေးမယ် ပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ခရိုင်အမျိုးသမီးသမီးရေးရာ အဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များ ပြိုင်ပွဲဝင်နှင့် မိသားစုဝင်များ တက်ရောက်အားပေးကြသည်။

အခမ်းအနားတွင် ရှေးဦးစွာ (ပြည်တက္ကသိုလ်) စိတ်ပညာဌာန ပါမောက္ခဒေါက်တာမြတ်စုလှိုင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး၊ ပြိုင်ပွဲဝင်(၁၂)ဦးတို့က စင်မြင့်ထက်တွင် နေရာယူကာ လှယဉ်ကျေးမယ် ခါးနံပတ်(၁) မှ (၁၂)အထိ စင်မြင့်ပေါ်တွင် တစ်ပတ်လမ်းလျှောက်ပြီး၊ တစ်ဦးချင်းမိတ်ဆက်ကာ လှယဉ်ကျေးမယ်ကလေးများက သက်မှတ်ကိုယ်ဟန်(၄)မျိုး စိတ်ကြိုက်ကိုယ်ဟန်(၃)မျိုးတို့ဖြင့် အလှပြ ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများအား တေးဂီတအဖွဲ့မှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး၊ ဆုရရှိသော လှယဉ်ကျေးမယ်စာရင်းအား ကြေညာသည်။

ယင်းနောက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၃)ဆုနှင့် ဂုဏ်ပြုဆု(၆)ဆုတို့အား ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်နှင့် တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြင့်ခဲ့ကြပြီး၊ အကဲဖြတ်ဒိုင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)