ပုသိမ် ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဧရာဝတီပေါ်ဆန်းခေတ် ပြန်လည်ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ စီစဉ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပေါင်းစပ်ကာ ရေကြည်ပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချလျက်ရှိသော တောင်သူများ၊ ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များနှင့် ညှိနှိုင်းပေါင်းစပ်ကာ ဆောင်ရွက်လျက်ရှိသည်။
ရေကြည်မြို့နယ်အတွင်း ပေါ်ဆန်းစိုက်ပျိုးသော တောင်သူများအနေဖြင့် ယခင်ကာလများက မိရိုးဖလာနည်းပညာဖြင့် စိုက်ပျိုးခဲ့ကြပြီး အရည်အသွေးမမီသော ဆန်စပါးရရှိကာ အကျိုးအမြတ် နည်းပါးပြီး၊ စိုက်ပျိုးစရိတ်ကာမိရုံမျှသာ အကျိုးအမြတ် ရရှိသည့်အတွက် ယခုအခါ ကန်ထရိုက် လယ်ယာစနှစ် Contract Farming ဖြင့် စိုက်ပျိုးခဲ့ခြင်းကြောင့် စျေးကွက်သို့ ဝင်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုများဖြင့် ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာ အုပ်စုနှင့် အနီးဝန်းကျင်ရှိ ကျေးရွာ အုပ်စုများတွင် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ မြေဆီလွှာ ထိန်းသိမ်းပြုပြင်ပေးခြင်းများအပြင် မျိုးကောင်း မျိုးသန့်စပါးများ ရွေးချယ် စိုက်ပျိုး ထုတ်လုပ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးသုတေသနဌာနစိတ်မှလဲ အရည်အသွေး ပြည့်မီ၍ အထွက်နှုန်းတိုးစေရေး ဆောင်ရွက်ပေးနေမှုများကြောင့် တောင်သူများဗဟုသုတ ကြွယ်ဝလာပြီး တစ်နှစ်ထက်တစ်နှစ် အရည်အသွေးပြည့်မီ၍ ရွှေဘိုပေါ်ဆန်းမွေးကဲ့သို့ အရည်အသွေး ပြည့်မီလာခဲ့ပြီဖြစ်သည်။
စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စီးပွားရေးဦးတည်ချက် ၃ ရပ်နှင့်အညီ အရည်အသွေးပြည့်မီသော ပေါ်ဆန်းဆန်များကို ပြည်တွင်းသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်ရေးအတွက် ဒေသအတွင်းရှိ ကုပ္ပဏီများ၊ ဆက်စပ်လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရေကြည်ပေါ်ဆန်း ကြီးကြပ်ကွပ်ကဲရေး အထူးအဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်ပေးလျက်ရှိရာ စျေးကွက်အခိုင်အမာ ရရှိလာပါက တောင်သူများအနေဖြင့် ဧရာဝတီပေါ်ဆန်း တစ်ခေတ်ဆန်းသစ် လာတော့မည် ဖြစ်သည်။
ခရိုင်(ပြန်/ဆက်)