ပြင်စလူ ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက် နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ပြင်စလူမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ ပင်လုံစာချုပ်လက်မှတ် ရေးထိုးခဲ့ကြသူများ၏ အမည်စာရင်း၊ ၁၉၆၈ ခုနှစ် မြဝတီ မဂ္ဂဇင်းတွင် ဖော်ပြခံရသည့် သမိန်သောင်း၏ "ပြည်ထောင်စုသား တို့လက်များသည်" ကဗျာ၊ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပင်လုံမြို့စော်ဘွားများ ထမင်းစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းမှ "စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်" ခေါင်းစဉ်ဖြင့် ကောက်နုတ်ဖော်ပြချက်၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အခြေအနေ အရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းမှ "ရည်မှန်းချက်များ ပြည့်စုံအောင်" ခေါင်းစဉ်ဖြင့် ကောက်နုတ်ဖော်ပြချက်၊ အစဉ်အလေးထား ရမည့် ပြည်ထောင်စုနေ့ ဆောင်းပါးနှင့် ကာတွန်းများ ပါဝင်ကြောင်း သိရသည်။
ယနေ့ဖြန့်ဝေသည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ စောင်ရေ (၁၀၀၀၀၀) ထုတ်ဝေခြင်းဖြစ်ပြီး ပြည်သူများလက်ဝယ် အခမဲ့ဖြန့်ဝေပေးနိုင်ရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ဝင်းထွန်း(ပြန်/ဆက်)