ကန်ကြီးထောင့်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ကန်ကြီးထောင့်  ဩဂုတ် ၂၇

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ နာရီက ဧရာသီရိသုခ ခန်းမတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ် ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများဖြင့် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူက ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများကိုဆောင်ရွက်ရာတွင် မြို့နယ်ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ အနေဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် သွားကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကိုလည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ထပ်မံအသိပေး နှိုးဆော်မှုများ ပြုလုပ်သွားရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က မြို့အဝင်အထွက်တွင် စစ်ဆေးရေးဂိတ် ပြန်လည်ထားရှိသွားရန်၊ ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်မှုရှိစေရေး စစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက် သွားရန်နှင့် ကိုဗစ်-၁၉ကာကွယ်ရေး အသိပညာပေး လှုံ့ဆော်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလေးမြင့်က ညစဉ် လှည့်ကင်းများနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပရဟိတ အဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက် သွားမည့် အခြေအနေများနှင့် လိုအပ်သည်များအား အကြံပြု ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောမူမှ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေကျပ် တစ်သိန်းကို ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)