ဘောဂလိမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များ ခင်းကျင်းပြသ

ဘောဂလိ  ဖေဖော်ဝါရီ  ၉

ပြည်သူများအ‌နေဖြင့် စာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန်၊  စာဖတ်သည့်  အလေ့အကျင့်ကောင်းများ  ရရှိစေရန် ရည်ရွယ်ကာ  ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့်စာအုပ်၊ စာစောင်ခင်းကျင်းပြသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘောဂလိမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး  ဒေါ်ကြည်ကြည်ခိုင်က  ပြည်ထောင်စုနေ့ အထိမ်း အမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်/ စာစောင်ဆောင်ရွက် ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းဟောပြောပေးခဲ့ပြီး ဗဟုသုတ ဖြစ်ဖွယ် သုတ/ရသစာအုပ်များကို ရွေးချယ်ပြသပေးခဲ့ရာ ပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြသည်။

ယခုကဲ့သို့ ဆောင်ရွက်ပေးရခြင်းနှင့်စပ်လျဉ်း၍ ပြည်သူများအနေဖြင့် ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သည့် နေ့ထူး၊ နေ့မြတ်များအကြောင်းကို သိရှိစေရန်၊ စာပေနှင့်ရင်းနှီး ကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်ကို အသုံးချတတ် လာစေရန်၊ စာပေမှရရှိသည့် အသိပညာတို့ဖြင့် အမှား၊ အမှန်ကို ခွဲခြားသိရှိစေပြီး  သူတစ်ပါးအား စာပေ အကျိုးကျေးဇူး  ပြန်လည်မျှဝေလိုသော  ဆန္ဒများဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

စောဂျိုးဇက်ဂျူး