ရှမ်းရွာသစ် ဖေဖော်ဝါရီ ၉
အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ကာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်၊ စာစောင် ခင်းကျင်းပြသပေးခြင်းကို ယနေ့ နံနက်ပိုင်းက ရှမ်းရွာသစ်မြို့၊ ပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့က ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်ပြပွဲ ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းဟောပြောပေးခဲ့ပြီး ဗဟုသုတဖြစ်ဖွယ် သုတ/ရသစာအုပ်များကို ရွေးချယ် ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြသည်။
ယခုကဲ့သို့ ဆောင်ရွက်ပေးရခြင်းနှင့် စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သည့် နေ့ထူး၊ နေ့မြတ်များအကြောင်းကို သိရှိစေရန်၊ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်ကို အသုံးချတတ်လာစေရန်၊ စာပေမှရရှိသည့် အသိပညာတို့ဖြင့် အမှား၊ အမှန်ကို ခွဲခြားသိရှိစေပြီး သူတစ်ပါးအား စာပေအကျိုးကျေးဇူး ပြန်လည်မျှဝေလိုသောဆန္ဒများဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး