ငပုတော ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ပြည်သူများ ကျန်းမာရေးအသိဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ တပ်ဆင်အသုံးပြု သွား/လာရေးအတွက် အသိပညာပေး လှုပ်ရှားမှုများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ ယမန်နေ့ နံနက် ၁၁ နာရီက ရှုခင်းသာ ကားဝန်းရှေ့နှင့် ယုဇနလမ်းထောင့်တို့တွင် ပြုလုပ်ဆောင်ရွက် ခဲ့သည်။
အဆိုပါကော်မတီမှ မြို့နေပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း(mask)များကို နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း တပ်ဆင်၍ သွား/လာ အသုံးပြုစေရေး အသိပညာပေးများ ပေးခဲ့သည့်အပြင် မြို့ပေါ်ရပ်ကွက်များသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူများ လိုက်နာရမည့် အဓိကအချက်(၈)ချက်ဖြစ်သည့် တတ်နိုင်သမျှ မိမိအိမ်တွင် သာနေထိုင်ခြင်း၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ(လုံးဝ)မသွားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းနှင့် ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေအကွာမှသာ နေထိုင်ပြောဆို ဆက်ဆံခြင်း၊ အပြင် ထွက်ခွာသည့်အခါတိုင်းနှင့် လူစုလူဝေးရှိရာနေများသို့ သွားလာသည့် အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask)များ စနစ်တကျ တပ်ဆင်သွားလာခြင်း၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးများ ပျက်စီး စေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ ကြာ အောင်ဆေးကြောခြင်း၊ နိုင်ငံခြားမှ ပြန်ရောက်လာသူများအား အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြား နေထိုင်စေခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ခြင်းနှင့် တရားမဝင် ပြန်လည်ဝင်ရောက် လာသူများရှိက မဖြစ်မနေ သတင်းပို့ခြင်း၊ ရောဂါပိုးရှိသူ အတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများ၊ သံသယရောဂါ လက္ခဏာများဖြစ်သည့် ဖျားနာခြင်း၊ ချောင်း ဆိုးခြင်း၊ ရုတ်တရက်အနံ့အရသာ ပျောက်ဆုံးခြင်း၊ အသက်ရှူရ ခက်ခဲခြင်း စသည်တို့ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာန (သို့မဟုတ်) အုပ်ချုပ်ရေးမှူးရုံးသို့ အမြန်ဆုံးသတင်းပို့ခြင်း၊ ရောဂါပိုးရှိသူ အတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများကို ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပေးခြင်း အစရှိသည့်တို့ကို နေ့စဉ် နံနက်/ည လိုက်လံ အသိပေး နှိုးဆော် ကြေငြာပေး လျက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)