ကန့်ဘလူ ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှ သရက်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ဒေသထွက်သီးနှံများ စျေးကွက်ဝင် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချနိုင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)ကို ပိုမိုသိရှိနိုင်စေရန် ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ကန့်ဘလူသရက်ခြံ ဧက ၁၀၀ ဌာနတို့ပူးပေါင်း၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီ ၈ ရက်နံနက် ၁၀ နာရီက သရက်စိုက်ပျိုး ထုတ်လုပ်နည်းပညာပေး သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသိန်းဝင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစံအောင်နှင့် ဝန်ထမ်းများ၊ ကန့်ဘလူသရက်ခြံ ဧက ၁၀၀ တာဝန်ခံဦးသန်းထွန်းဦး၊ ခရိုင်အတွင်းရှိ သရက်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သရက်ပျိုး ထုတ်လုပ်နည်းပညာပေးသင်တန်းတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးအောင်၊ မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနမှူးဦးစံအောင်၊ သရက်ခြံ ဧက ၁၀၀ တာဝန်ခံဦးသန်းထွန်းဦးတို့က မြေ၊ မျိုး၊ ပိုးမွှားရောဂါနှင့် အာဆီယံ GAP ကိုအခြေခံပြီး မြန်မာ GAP တွင် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ် များနှင့်ပတ်သက်၍ ဆွေးနွေးပိုချပြီး တက်ရောက်လာသူ သရက်စိုက်ပျိုးထုန်လုပ်သူ တောင်သူများ၏ သိရှိလိုသည့်မေးမြန်းချက်များ ကိုလည်း ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသိရသည်။
ယခုအခါ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေး စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အာဆီယံ GAP ကိုအခြေခံလျက် မြန်မာ GAP လုပ်ငန်းစဉ် ၁၆ ချက်ရေးဆွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ် သည်။အဆိုပါ သီးနှံများအနက် သရက်သီးနှံသည် ပထမဆုံး GAP အသိအမှတ်ပြုလက်မှတ်ရရှိသည့် သီးနှံဖြစ်ကြောင်း သိရသည်။ GAP ဆိုသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြစ်ပြီး စတင်မြေပြုပြင်စိုက် ပျိုးထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ်ရောက်သည်အထိ အဆင့်ဆင့်တိုင်းတွင် စားသုံးသူအတွက် ဘေးအန္တရာယ် ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများကို အနည်းဆုံးဖြစ်စေရန် လိုက်နာရသည့် နည်းလမ်းများကို စုစည်းထားသည့် စံသတ်မှတ်ချက်များဖြစ်သည်။
မြန်မာနိုင်ငံတွင် GAP လက်မှတ်ရ သရက်ခြံများရှိလာပြီး GAP အသိအမှတ်ပြုလက်မှတ်ရရှိရေး လျှောက်ထားလာသည့် ခြံများလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်းသိရပြီး ကန့်ဘလူခရိုင်အတွင်း သရက်စိုက်ဧက ၃၂၀၀ ကျော်ခန့်ရှိပြီး GAP အသိအမှတ်ပြု လက်မှတ် ရရှိခဲ့သည့်ခြံဧရိယာ ၁၃၀၀ ကျော်ရှိသည်။ ယခုအခါတွင်လည်း GAP လက်မှတ်ဆက်လက်ရရှိရန် လျှောက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပတင်ပို့ရောင်းချသည့် သစ်သီးများတွင် သရက်သီးသည် ထိပ်ဆုံးမှ ရပ်တည် လျက်ရှိကာ တစ်နိုင်လုံးတွင် သရက်စိုက်ဧက ၂၄၉၄၇၅ ခန့်ရှိပြီး ၂၀၁၆ ခုနှစ်စာရင်းများအရ မြန်မာနိုင်ငံမှသရက် သီးမက်ထရစ်တန် ၄၉၅၃၂၃ ခန့်ထွက်ရှိကာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပပို့ကုန်အဖြစ်နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံ၊ ပင်လယ်ရပ်ခြား ကုန်သွယ်မှုအဖြစ် စင်ကာပူ၊ မလေးရှား၊ ဘူတန်၊ ဘရူနိုင်း၊ မော်လဒိုက် စသည့် အာရှနိုင်ငံများ၊ ဥရောပနိုင်ငံများသို့ပါ တင်ပို့ရောင်းချလျက်ရှိသည်။ ယင်းသို့တင်ပို့ရာတွင် နိုင်ငံများအလိုက် ဓာတုဓာတ်ကြွင်းပါဝင်မှု နိုင်ငံဖြတ်ကျော်ထိန်းချုပ်မှုများနှင့် ရောဂါပိုးမွှား မပါရှိအောင် အဆင့်ဆင့် စိစစ်ခံပြီးမှ ပို့ဆောင်ရောင်းချရကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)