(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ရှောင် လမ်းသစ်နှင့် မွန်ဆရီးကျေးရွာ ကွန်ကရစ် လမ်းသစ်ဖွင့်လှစ်

ဘားအံ ဖေဖော်ဝါရီ ၈

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဘားအံမြို့ရှောင်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့ ကမော့ကစင်(ရဲသာ)ကျေးရွာရှိ အဆိုပါ လမ်းပိုင်း၌ ကျင်းပသည်။

လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခင်က ဘားအံမြို့ကိုဖြတ်၍ လှိုင်းဘွဲမြို့၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့များသို့ သွားရောက်မည့် ကုန်တင်ယာဉ်များသည် သံလွင်တံတား သုံးမြှောင့်လမ်းဆုံမှ သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်းအတိုင်း နောင်လုံတောင်ကြားကိုဖြတ်၍ နောင်လုံလမ်းဆုံမှ ဘားအံမြို့တွင်း (လှိုင်းဘွဲလမ်းဆုံမီးပွိုင့်)ကို ကွေ့ပတ်သွားလာခဲ့ရသည့်အတွက် ခရီးကြန့်ကြာမှုများရှိခဲ့ပြီး ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်ခြင်းအားဖြင့် လမ်းခရီးကို ၁၃ ဒသမ ၀ ကီလိုမီတာကျော်ခန့်မျှ တိုတောင်းစေမည် ဖြစ်ကာ ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်၍ ယာဉ်ကြောပိတ်ဆို့မှုများ ကင်းဝေးစေသည့် အကျိုးကျေးဇူးနှင့်အတူ ဒေသခံ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်နယ်၏ အခြေခံအဆောက်အဦ ဖြစ်သည့် လမ်း၊ တံတားများကို တိုးတက်ပြုပြင်အဆင့်မြှင့်တင်နိုင်လာသည်နှင့်အမျှ ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အစစအရာရာမြင့်မားတိုး တက်လာမည်ဖြစ်ကာ အခြားဒေသမှ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများလည်း စဉ်ဆက်မပြတ် ဝင်ရောက်လာမည် ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့၏ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘားအံမြို့ရှောင်လမ်းသစ်အား ရေရှည်တည်တံ့ခိုင်မြဲစေရေး ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်း စောင့်ရှောက်ကြဖို့လိုပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင်လည်း ယခုကဲ့သို့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုက မြို့ရှောင်လမ်းသစ် ဖောက်လုပ်ခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားပြီး ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် ပြည်နယ်လမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)က ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြားကိုဖြတ်၍ ကမော့ကစင်ကျေးရွာမှ လှာကဒေါင်ကျေးရွာထိ ဘားအံမြို့ရှောင်လမ်းသစ် ပထမပိုင်း ဖွင့်ပွဲအထိမ်းအမှတ် အလံများပေးအပ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)တို့က လမ်းသစ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူး၍ မြို့ရှောင်လမ်းသစ်ပေါ်မှ ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့် ဘားအံမြို့ရှောင်လမ်းသစ်သည် ဘားအံမြို့၊ သုံးမြှောင့်လမ်းဆုံမှ ကမော့ကစင်ကျေးရွာ ကိုဖြတ်ပြီး လှာကဒေါင်ကျေးရွာထိ ၆ ဒသမ ၄ ကီလိုမီတာကို ဖောက်လုပ်ရန် လျာထားဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မေလမှစ၍ ကရင်ပြည်နယ် အစိုးရ၏ ပြည်နယ်အထွေထွေပိုလျှံငွေလုံးငွေရင်းရန်ပုံငွေကျပ် ၇၇၃ သန်းဖြင့် ကမော့ကစင်ကျေးရွာ ၂ ဒသမ ၇၇၅ ကီလိုမီတာမှ လှာကဒေါင်ကျေးရွာ ၅ ဒသမ ၄ ကီလိုမီတာအထိ လိုအပ်သော လမ်းတာဘောင် အကျယ်ရရှိစေရန် ကျောက်တောင်အမာများအား မိုင်းခွဲရှင်းလင်းခြင်း၊ ဖြတ်မြေဖို့မြေလုပ်ငန်း ဆောင်ရွက်ခြင်း၊ အမာခံရရှိစေရန် မိုင်းချီးခင်းကြိတ်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး Box Culvert (၆)စင်း ထည့်သွင်း တည်ဆောက်ခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးကာ ပထမပိုင်းအနေဖြင့် ၂ ဒသမ ၆၂၅ ကီလိုမီတာကို ပေ ၄၀ အကျယ် မြေသားတာဘောင်တင်ပြီး အခြေအနေထိ ဆောင်ရွက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေဖြင့် ၂၀၂၁-၂၀၂၂ (၆)လဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ၁၆၈၃ ဒသမ ၇၇၅ သန်းဖြင့် သံလွင်တံတားသုံးမြှောင့်လမ်းဆုံ (၀)ကီလိုမီတာမှ ကမော့ကစင်ကျေးရွာ( ၂ ဒသမ ၇၇၅) ကီလိုမီတာထိကို ဆက်လက် ဆောင်ရွက်နေပြီးလာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ စုစုပေါင်းကျပ် ၂၃၇၃ ဒသမ ၆၀၀ သန်းဖြင့် လှာကဒေါင်ရွာအတွင်းရှိ မူလကတ္တရာလမ်းအား ၂၄ ပေချဲ့ခြင်းလုပ်ငန်းအပြင် ဆောင်ရွက်ပြီးလမ်းများ အား ၁၈ ပေအကျယ် ကတ္တရာခင်းခြင်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆက်လက် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် ကမော့ကစင် ကော့ပရံကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒအား သွားရောက် ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လဘတ်ဂျက် ပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သော မွန်ဆရီးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို နံနက် ၉ နာရီခန့်က အဆိုပါမုခ်ဦး၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်မျိုးနိုင်က မွန်ဆရီးကျေးရွာအဝင် ကွန်ကရစ်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မွန်ဆရီးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကာ လမ်းအားကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ (၆)လဘတ်ဂျတ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးလက် ကုန်ထုတ်လမ်း ၁၇ လမ်း၊ လမ်းအရှည် ၂၂ မိုင် ၆ ဖါလုံနှင့် ကျေးလက်ကုန်ထုတ် တံတားနှင့် အခြားလုပ်ငန်း ၄၁ ခု၊ အရှည်ပေပေါင်း ၄၈၄ ပေ၊ ကျေးလက်ရေပေးရေး လုပ်ငန်း ပေါင်း ၅၅ ခုအား စုစုပေါင်းကုန်ကျငွေကျပ် ၁၄၃၉ ဒသမ ၃၆၅ သန်းဖြင့် လည်းကောင်း၊ စီမံကိန်းလုပ်ငန်းများ အနေဖြင့် VDP စီမံကိန်း ၁၈ ရွာ မြစိမ်းရောင်စီမံကိန်း ၅ ရွာအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယနေ့ဖွင့်လှစ်သည့် မွန်ဆရီးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လဘတ်ဂျတ် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် လမ်းအရှည် ၃၆၀၀ ပေ၊ အကျယ် ၁၆ ပေနှင့် ထု ၆ လက်မအား ရန်ပုံငွေကျပ် ၁၂၈ ဒသမ ၆၀၂ သန်းဖြင့် ငွေစင်ဆန်းသစ် ကုမ္ပဏီနှင့် DNT ကုမ္ပဏီတို့မှ တာဝန်ယူဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။

မွန်ဆရီးကျေးရွာရှိ သဘာဝရှုခင်းအလှများ၊ ပန်းခြံများ၊ ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များကို  ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ လာရောက် အပန်းဖြေ လည်ပတ်သည့် ခရီးစဉ်ဒေသများအနက်မှ တစ်ခုဖြစ်ပြီး ကိုဗစ်အလွန်ကာလတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးအတွက် ကျန်ရှိသည့်လမ်းပိုင်းအား လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ် အစိုးရရန်ပုံငွေဖြင့် အရှည် ၃၆၀၀ ပေ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်း အဖြစ်သို့ ထပ်မံအဆင့်မြှင့်တင် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)