ပြည်မြို့၌ မြန်မာနိုင်ငံကလေးများနေ့အကြို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပြည် ဖေဖော်ဝါရီ ၈

ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်မူလတန်းကြိုကျောင်း၌ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံကလေးများနေ့အကြို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ တစ်ဦးချင်းကဗျာရွတ်ပြိုင်ပွဲနှင့် အဖွဲ့လိုက် တေးကဗျာသီဆိုပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဒိုင်အဖွဲ့က အကဲဖြတ်အမှတ်ပေးသည်။ ထို့နောက် ပြည်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်တို့က မြန်မာနိုင်ငံကလေးများနေ့အကြို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားပြီး ပြည်မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်လေးများက တက်ရောက် လာသော တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ဆရာဆရာမများနှင့် ကျောင်းသားမိဘများအား တေးသရုပ်‌ဖော်အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပရာ ယမန်နေ့က စတင်ကျင်းပခဲ့သည့် အပြေးပြိုင်ပွဲ၊ လက်ချောင်းပန်းချီ၊ ဆေးရောင်ခြယ်၊ အာလူးကောက်၊ မုန့်စား၊ အရုပ်ထောင်ပြိုင်ပွဲနှင့် ယနေ့ဆက်လက်ကျင်းပသည့် ကဗျာရွတ်နှင့် အဖွဲ့လိုက်တေးကဗျာသီဆိုပြိုင်ပွဲ အစရှိသည့်ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်ကလေးများအား တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ပြီး ယင်းပြိုင်ပွဲ များတွင် ပြည်မူလတန်းကြိုကျောင်းမှ မူကြိုအရွယ်သားငယ်၊ သမီးငယ်(၅၀)ကျော် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)