ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဘာဝမြေဆွေး ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကျင်းပ

ဖောင်းပြင် ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲနည်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၁နာရီအချိန်တွင် အဆိုပါရုံးဝင်းအတွင်း ပြုလုပ်သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းက လာရောက်ကြည့်ရှု လေ့လာကြသည့် တောင်သူများအား သဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲနည်းပြသရခြင်း၏ ရည်ရွယ်ချက်များနှင့် သဘာဝမြေဆွေးကို သုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဝန်ထမ်းများက မြေဆွေးပုံပြုလုပ်နည်းအဆင့်ဆင့်ကို တောင်သူများအား လက် တွေ့ပြသပြီး သဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်းနှင့် ပြုလုပ်ရာတွင်ပါဝင်သည့် EM ဖျော်ရည်ပြုလုပ်နည်း၊ သုံးစွဲနည်းများ၊ သုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများပါဝင်သည့် လက်ကမ်းစာစောင်များကို တောင်သူများအားပေးဝေခဲ့သည်။

သဘာဝမြေဆွေးများကို နှစ်စဉ်ပြုလုပ်သုံးစွဲခြင်းဖြင့် စိုက်ပျိုးမည့်မြေသည် သီးနှံများအတွက် လိုအပ်သော အာဟာရ ဓာတ်များ တဖြည်းဖြည်းတိုးမြှင့်လာပြီး ဓာတ်မြေဩဇာများ သုံးစွဲခြင်းကို တဖြည်း ဖြည်းလျှော့ချလာနိုင်မည် ဖြစ်ကာ စိုက်ပျိုးစရိတ်ကုန်ကျမှုများ လျှော့နည်းလာမည်ဖြစ်ကြောင်း၊ သဘာဝမြေဆွေးပြုလုပ်ရာတွင် နွားချီး၊ ကောက်ရုံး (သို့မဟုတ်) သစ်ရွက်ဆွေး၊ တင်လဲရည်၊ EM(အသင့် သုံး) နှင့် ရေတို့ကို ရောစပ်အသုံးပြုရပြီး မြေဆွေးဘောင်များကို ၃လမှ ၆လခန့်အကြာတွင် စတင်အသုံးပြုနိုင် ကြောင်း၊ တစ်ဧကစိုက်ပျိုးရန်အတွက် အလျား ၆ပေ၊ အကျယ် ၃ပေ၊ အမြင့် ၃ပေ ရှိမြေဆွေး ၅ဘောင် လိုအပ်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းထံမှသိရသည်။

အဆိုပါ သဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်းသရုပ်ပြပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာများမှ တောင်သူ(၂၇)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကိုထွန်း(ဖောင်းပြင်)