ကျွန်းလှမြို့နယ်၌ မိုးကြိုချည်မျှင်ရှည်ဝါ စမ်းသပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ကျွန်းလှ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြေအောက်ရေအသုံးပြုပြီး မိုးကြိုချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) စမ်းသပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် နာရီက ကြာတကန်ကျေးရွာ၊ ကွင်းအမှတ် ၄၉၅၊ တောင်သူ ဦးမြသာ၏ ယာမြေနှစ်ဧက၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဝါသီးနှံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧက သတ်မှတ်အပင်ရေပြည့်မီရန် စိုက်နည်းစနစ် မှန်ကန်ရန်လိုကြောင်း၊ သဘာဝမြေဩဇာ နွားချေး၊ ကွန်ပေါင်းနှင့် ယူရီးယားတို့ကို တွဲဖက်အသုံးပြုနိုင်ကြောင်း၊ ဝါစိုက်ခင်းအတွင်း ပေါင်းမြက်ကင်းရှင်းရန် လိုကြောင်း၊ ဝါသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေရရှိပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိမည်ဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက‌ ရှင်းလင်းပြောကြားသည်။

ကျွန်းလှမြို့နယ်တွင် ချည်မျှင်ရှည်ဝါကို ဒေသနှင့်ကိုက်ညီသည့် ငွေချည်-၆၊ ငွေချည်-၁၁၊ ရွှေတောင်-၈၊ ရွှေတောင်-၁၀ မျိုးများစိုက်ပျိုး ကြကြောင်း၊ ထွက်ရှိသော ဝါဂွမ်းများအား ဈေးကွက်အတွင်း ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို