ဖျာပုံ ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်၍ ကလေးငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ခရိုင်အဆင့် မူလတန်းကြို ကျောင်းပေါင်းစုံ ကဗျာ၊ သီချင်း၊ ပုံပြင်၊ လက်ချောင်းပန်းချီပြိုင်ပွဲများကို ယ နေ့ နံနက် (၈)နာရီ ၃၀ မိနစ် အချိန်က ဖျာပုံ မူလတန်းကြိုကျောင်းတွင် ကျင်းပသည်။
အဆိုပါ ခရိုင်အဆင့် မူလတန်းကြို ကျောင်းပေါင်းစုံပြိုင်ပွဲတွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းစီးဌာန၊ ခရိုင်စီးမှူးအေးကျော်က “ကလေးများသည် ဗိုလ်ချုပ်အောင်ဆန်းကို စံပြပုဂ္ဂိုလ်အဖြစ် အားကျအတုယူတတ်စေရန်၊ ကလေးများအနေဖြင့် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိသဖြင့် ကလေးများအားလုံး ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန်၊ ကလေးသူငယ်အခွင့်အရေးများကို အပြည့်အဝအကောင်အထည်ဖော်ရာတွင် ကလေးများအားလုံး ပါဝင်ဆောင်ရွက်စေမှုနှင့်အတူ မိသားစုများနှင့် ပြည်သူလူထုမှ တက်တက်ကြွကြွ ပါဝင်လာစေရန် “ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ဖျာပုံမူလတန်းကြို ကျောင်းအုပ်ကြီးမှ ပြိုင်ပွဲများ၏ အမှတ်ပေးစည်းမျဉ်များကို ရှင်းလင်းပြောကြားကြသည်။ အဆိုပါပြိုင်ပွဲသို့ ဖျာပုံခရိုင် လူမှုဝန်ထမ်းစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင် ကြပြီး ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် ပြိုင်ပွဲဝင်များအား နှစ်သိမ့်ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါ ပြိုင်ပွဲများတွင် ပထမဆုရ ကျောင်းသား၊ ကျောင်းသူကလေးများအား တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ဆုများ ထပ်မံချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)