လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

လှိုင်းဘွဲ ဖေဖော်ဝါရီ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်  အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဦးစောသော်တာလင်းသန့်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်  အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး Book Club အဖွဲ့ဝင် ဦးလင်းခိုင်က ပင်လုံစာချုပ်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အောင်ဆန်းအက်တလီ စာချုပ်မှာပါရှိသော အချက်များ၊ မြန်မာပြည် လွတ်လပ်ရေးရဖို့အတွက် ပြည်မနှင့် တောင်တန်းဒေသပေါင်းပြီး ဆောင်ရွက်ချက်များ၊ ပြည်ထောင်စုသား အားလုံး စည်းလုံးညီညွတ်ပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသား ပြည်သူလူထုအားလုံး ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မိုးအေးက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ စိန်ရတုပြည်ထောင်စုနေ့နှင့် ပတ်သက်သည့်  သိကောင်းစရာများကို Online မှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)