ကျိုက်လတ် ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကာလတွင် ပါဝင်ကူညီခဲ့သော မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များအား တိုင်းကြက်ခြေနီ ကြီးကြပ်မှု ကော်မတီကိုယ်စား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြတ်ခိုင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး၊ ကျိုက်လတ်မြို့နယ် ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဦးစိန်ဝှီးက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကျိုက်လတ် မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကိုဗစ်-၁၉ကာလအတွင်း စောင့်ကြည့် စခန်းများတွင်လည်းကောင်း၊ မြို့ဝင်/ထွက်ဂိတ်များ တွင်လည်းကောင်း၊ ပညာပေး လုပ်ငန်းများ၊ တုံ့ပြန်ရေးလုပ်ငန်းများ၊ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ မြို့ပေါ် ကျေးလက်နှင့် ကျောင်းများပါမကျန် မိမိအကျိုး၊ မိမိကျန်းမာရေး၊ မိမိအသက်ကို ပဓာနမထားဘဲ တက်ကြွစွာစေတနာ၊ ဝါသနာအရ ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီအသင်းခွဲ အမှုဆောင်များနှင့် မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင် များအား ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီကိုယ်စား ထပ်ဆင့်ဂုဏ်ပြုရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)