သာယာဝတီမြို့၊ (Community Centre)ခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

သာယာဝတီ ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြုလုပ်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ပြိုင်ပွဲများကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ကလေးငယ်များအနေဖြင့် ပြည်ထောင်စုနေ့ အပါအဝင် နေ့ထူးနေ့မြတ်များအား စိတ်နှလုံးအတွင်း သိရှိနားလည်၍ တန်ဖိုးထား အောက်မေ့တတ်စေရန်၊ စည်းလုံးညီညွတ်မှုရရှိစေရန်၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များ မွေးမြူတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌမှ ပြိုင်ပွဲဝင် စည်းမျဉ်းစည်းကမ်းများအား အသေးစိတ် ဖတ်ကြားရှင်းလင်းခဲ့သည်။

ကဗျာရွတ်ဆိုပြိုင်ပွဲတွင် သာယာဝတီမြို့အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ စကားတင် (Shortlist) ရွေးချယ်ခံထားရသော (Grade-1) အဆင့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆)ဦးက ဆရာကြီး မင်းသုဝဏ် ရေးစပ်သီကုံးထားသည့် "သပြေသီးကောက်"ကဗျာနှင့် "ဥပုသ်စောင့်"ကဗျာများထဲမှ မဲနှိုက်ပြီး ကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမဆုအား အ.ထ.က (၁) သာယာဝတီကျောင်းမှ  မခြူးနဒီခင်၊ ဒုတိယဆုအား အ.မ.က ကျီးချောင်းမှ မကြယ်စင်ရှင်းသန့်၊  တတိယဆုအား PGEC ကိုယ်ပိုင်မူလတန်းကျောင်းမှ မဝါဆိုဝင်းမင်းနှင့် အခြား အထူးဆု (၅) ဆုတို့ အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်အခြေခံပညာဦးစီးဌာန၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်စာရေးဆရာအသင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်မူလတန်းကျောင်းများမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ ပါဝင်တက်ရောက်ခဲ့ကြသည်။

သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲအားလည်းကောင်း၊ ၁၀ရက်နေ့တွင် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲအားလည်းကောင်း (၃)ရက် ဆက်တိုက် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဖေဖော်ဝါရီလ (၁၂)ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား၌ ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သန့်ဇော်(သာယာဝတီ)