လှိုင်းဘွဲ ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေ ပြည်သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆရာကြီး ရွှေဥဒေါင်း ရေးသားထားသော အကြံဉာဏ်ဖြင့် ကြီးပွားရေး စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးစောသော်တာလင်းသန့်က လူငယ်များအနေဖြင့် စာဖတ်အားကောင်းမွန်ပြီး အသိပညာ ဗဟုသုတများ ရရှိစေရန်၊ ပူးပေါင်းပါဝင် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ တစ်ဦးနှင့် တစ်ဦး အသိပညာများ မျှဝေတတ်စေရန်နှင့် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် နန်းအေးအေးမြင့်က ဆရာကြီးရွှေဥဒေါင်း ရေးသားထားသော အကြံဉာဏ်ဖြင့် ကြီးပွားရေးစာအုပ်၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက် လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များက အောင်မြင်ခြင်း၏ အခြေခံ သဘောတရား၊ ယုံကြည်ခြင်း၊ စိတ်ကူးဉာဏ်၊ ဆုံးဖြတ်ခြင်း၊ ဇွဲကောင်းခြင်း စသည့် ကြီးပွားချမ်းသာမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)