ကျောက်ကြီး ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေး ဝမ်းကျောင်းအထောက်ကူပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၂၂) ဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
အခမ်းအနားအား တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုး တက်ရောက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနှင့် အဓိကအားဖြင့် ကျေးရွာမှာရှိသည့် မိသားစုတွေ ကိုယ်ရဲ့ကိုယ်ပိုင်ဝင်ငွေရရှိအောင်၊ အလုပ်အကိုင် အခွင့်အလမ်းရရှိအောင် ရည်ရွယ်ပြီး ဒီလိုသင်တန်းတွေးဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းရီက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ယနေ့အချိန်အထိ ကျောက်ကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်ကူပြု အခြေခံစက်ချုပ်သင်တန်း (၁၂) ကြိမ်၊ သိုးမွှေးထိုး သင်တန်း (၂)ကြိမ်၊ ဆပ်ပြာချက်သင်တန်း (၄) ကြိမ်၊ အိမ်တွင်းမှုဖန်စီသင်တန်း (၁) ကြိမ်၊ စိုက်ပျိုးရေး/ မွေးမြူးရေးသင်တန်း (၄) ကြိမ် ဖွင့်ပေးခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကုန်ထုတ်လမ်းတံတား၊ ရေပေးရေးလုပ်ငန်း၊ မီးလင်းရေး လုပ်ငန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းမြ စိမ်းရောင်စီမံကိန်း၊ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းနှင့် အခြားအသက်မွေးဝမ်းကျောင်းအထောက်ကူပြုသင်တန်းများကို အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းများမှ ကျေးလက်ဒေသမိသားစုများ ဝင်ငွေတိုးပွားဖို့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးများဆောင်ရွက်ဖို့အတွက် ကျေးရွာနေပြည်သူများကိုယ်တိုင် စီမံခန့်ခွဲသည့် အရင်းအနှီးတစ်ခု ထူထောင်ပေးလျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအနေနှင့်ဒေသနှင့် ကိုက်ညီမည့် အခြေခံအသက်မွေးဝမ်းကျောင်း အထောက် ကူပြုသင်တန်းများကို ရရှိသည့်ရန်ပုံ ငွေပေါ်မူတည်၍ လုပ်ဆောင်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခရိုင်ဦးစီးမှူးက အသက်မွေးဝမ်းကျောင်းအထောက်ကူပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၂၂) တက်ရောက်ခဲ့သည့် သင်တန်းသူ (၂၅)ဦးအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ သင်တန်းသူများအား လက်ဆောင်ပစ္စည်းပေးအပ်ခြင်းပြုလုပ်ခဲ့ပြီး၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်ကူပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၂၂) သင်တန်းအား ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့အထိ သင်တန်းသူ (၂၅)ဦး ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး၊ အခမ်းအနားအား တောင်ငူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခရိုင်ဦးစီးမှူးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးဝန်ထမ်းများ၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)