ကရင်ပြည်နယ်အစိုးရအဖွဲ့ ငြိမ်းချမ်းရေးအထောက်အကူပြုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဘားအံ ဖေဖော်ဝါရီ

ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပြည်နယ်အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းများတွင် စည်းလုံးညီညွတ်စွာ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်နိုင်ရေး အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ငြိမ်းချမ်းရေး အထောက်အကူပြုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ပါဝင်သည့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းသာယာဝပြောသည့် လူဘောင်တစ်ခု ပြည်နယ်အတွင်း ထွန်းကားလာမှသာ ပြည်နယ်သူ/သားများ စိတ်ချမ်းသာကိုယ်ချမ်းသာနေနိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှု တစ်ချို့ရှိခဲ့ပြီး ဒေသခံ ပြည်သူအချို့အိုးပစ်အိမ်ပစ်ဖြင့် စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိခဲ့ကြရသည့်အတွက် ငြိမ်းချမ်းသာယာသည့် လူ့ဘောင်ကိုလျှောက်လှမ်းရန် အခက်အခဲ ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အနေအထားအရ NCA လမ်းကြောင်း မှသွေဖီမသွားအောင် တက်နိုင်သည့်ဘက်မှနေ၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက် ပေးကြဖို့လိုကြောင်း၊ တက်ရောက် လာသည့် ကော်မတီဝင်များအနေဖြင့် တစ်ဖက်နှင့်တစ်ဖက် နားလည်သဘော ပေါက်မှု လွဲမှားခြင်းများ မဖြစ်ပေါ်စေရေးအတွက် ချိတ်ဆက်ဆောင်ရွက် ပေးဖို့လိုကြောင်း၊ ငြိမ်းချမ်းမှုမရှိလျှင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်မည်မဟုတ်ကြောင်း၊ မိမိတို့ပြည်နယ်၏ ငြိမ်းချမ်းရေးပန်းတိုင်သို့ လျှောက်လှမ်းရာတွင် အခက်အခဲအတားအဆီး များရှိပါကလည်း အတူတကွပူးပေါင်းရင်ဆိုင် ဖြေရှင်းသွားကြရမည်ဖြစ်ပြီး ကော်မတီဝင်များ အနေဖြင့်လည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ငြိမ်းချမ်းရေးအထောက်အကူပြု ကော်မတီဝင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ကော်မတီ အတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်၊ အမှတ်(၂၂)ခြေလျင်တပ်မဌာနချုပ် ဒုတိယတပ်မမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီ၊ သံတောင်၊ ကြာအင်းဆိပ်ကြီး၊ ဖါပွန်မြို့နယ်များမှ ကော်မတီဝင်(မြို့မိမြို့ဖ)များက ပြည်နယ်အတွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုများ မှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးသို့ တက်လှမ်း ဆောင်ရွက်သွားနိုင်ရေး၊ ဒေသတွင်း အကောင်အထည်ဖော်ရာတွင် နေရာဒေသအလိုက်ကွာခြားချက်များ၊ မတူညီမှုများ၊ စိန်ခေါ်မှုများ၊ ကြုံတွေ့ရနိုင်သည့်အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပြီး ကရင်ပြည်နယ် ငြိမ်းချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးပြီး လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ကိစ္စမှန်သမျှ အချိန်အကန့်အသတ်မရှိ ဆက်သွယ် ဆောင်ရွက်နိုင်ပြီး အမြဲတမ်းဆက်သွယ် ဆောင်ရွက်သွားကြဖို့လိုကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ဆက်လက်၍ မွန်းလွဲ ၂ နာရီခန့်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အမှတ်စဉ်(၁/၂၀၂၂) လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းမှုအခြေခံ သင်တန်းဖွင့်ပွဲကို အစိုးရနည်းပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒေသတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ စိုက်ပျိုးရေး ပညာရပ်များတွင် မူလထက်နည်းပညာများ ပိုမိုတတ်ကျွမ်းစွာဖြင့် လျင်မြန်စွာလုပ်ကိုင်နိုင်စေရေး၊ စက်ကိရိယာများ အား ပြင်ဆင်ထိန်းသိမ်းတတ်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တစ်ဦးချင်းဝင်ငွေများ ပိုမိုမြင့်မားလာစေရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လယ်ယာသုံးစက်ကိရိယာများကို မဖြစ်မနေအသုံးပြုရမည်ဖြစ်ကြောင်း၊ စက်ကိရိယာများကို ရေရှည်အသုံးပြုနိုင်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းတတ်ဖို့သည် အလွန် အရေးကြီးပါကြောင်း၊ သင်တန်းပြီးစီးပါက သင်ယူရရှိသည့် အသိပညာ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို အသုံးချပြီး လုပ်ငန်းများကိုပြန်လည် လုပ်ကိုင်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်စက်မှုလယ်ယာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်မောင်သန်းနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ)၏ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ နန်းမိုးမိုးကြည်တို့က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်သည်။

အဆိုပါသင်တန်းသို့ ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၉ ရွာမှ သင်တန်းသား ၃၃ ဦးတက်ရောက် လျက်ရှိပြီး သင်တန်းကာလ ရက်သတ္တပတ် လေးပတ်ကြာမြင့်မည်ဖြစ်ကာ သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်ထောက်ကူ ပစ္စည်းများနှင့် သင်တန်းဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)