မုံရွာ ဖေဖော်ဝါရီ ၈
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံပညာကျောင်းများတွင် ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သည့်ပြိုင်ပွဲများကို တပြိုင်တည်း ကျင်းပပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် မြို့နယ်အဆင့် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲကို မုံရွာခရိုင် (၄) မြို့နယ်အတွင်းမှ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲကျင်းပပေးရာတွင် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို “မျိုးရိုးအစဉ်အလာ ဂုဏ်ရှိန်ဝါ စိန်ရတု ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ထိန်းသိမ်းပါ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၇) ဦးနှင့် မြို့နယ်အဆင့်ဆောင်းပါးပြိုင်ပွဲကို “ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရေး တိုင်းရင်းသား အားလုံးဖော်ဆောင်ပေး” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၃)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ မုံရွာမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ တိုင်းဒေသကြီးအဆင့် ပန်းချီပြိုင်ပွဲနှင့် မြို့နယ်အဆင့် ကဗျာပြိုင်ပွဲတို့ကို ဖေဖော်ဝါရီ ၈ ရက်နေ့တွင် အဆိုပါကျောင်း၌ ဆက်လက် ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သည့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပပေးခြင်းသည် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြည်ထောင်စုနေ့သက်ဆိုင်သည့် အကြောင်းအရာများ၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန်နှင့် အမျိုးဘာသာသာသနာအပေါ် ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်ဓာတ်ကောင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူ များအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)