ပွင့်ဖြူမြို့နယ်၌ မူကြိုလုပ်ငန်းဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

ပွင့်ဖြူ  ဖေဖော်ဝါရီ  ၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ မူကြိုကျောင်းများ ပညာသင်ကြားမှုစနစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မူကြိုကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် အကောင်အထည် ဖော်ဆောင်ရွက်မည့် မူကြိုလုပ်ငန်းဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက မြို့နယ် အတွင်း ဖွင့်လှစ်လျက်ရှိသော မူကြိုကျောင်းများတွင် ပညာသင်ကြားမှုစနစ် ပိုမိုကောင်းမွန်စေရန်နှင့် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေရန် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းများအား ချပြ ရှင်းလင်းဆွေးနွေးပြီး  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင် က ကလေးငယ်များ၏ ပင်ကိုယ်အသိဉာဏ် ဖွံ့ဖြိးစေရေးအတွက် လုပ်ဆောင်သင့်သည့် သင်ကြားရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဥက္က ဦးခင်မောင်ဇော် က မြို့နယ်အတွင်း မူကြိုကျောင်းများရှိ ကလေးငယ်များ စာပေအသိပညာ ကြွယ်ဝစေရန်နှင့် စာပေသင်ကြားရာ၌ ပိုမိုသိရှိနားလည်စေရန်အတွက် ဆရာ ၊ ဆရာမများနှင့်ပူးပေါင်းပြီး အသင်းမှပံ့ပိုးကူညီ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ၊ ကလေးငယ်များ ဘက်စုံဖွံ့ဖြိုး စေရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အခြေခံသဘောတရားများ ၊ ကလေးငယ်များအား ပညာသင်ကြားပေးရာ၌ အရေး ၊ အဖတ်စွမ်းရည်နှင့် စူးစမ်းရှာဖွေလေ့လာလိုသောစိတ်များ ဖြစ်လာစေရန် ဆန်းသစ်သော သင်ကြားရေးနည်းစနစ်များကို လည်းကောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြား ခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မူကြိုကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများက ကလေးများ ဘက်စုံဖွံ့ဖြိုးစေရေးအတွက် ပညာသင်ကြားရေးအပိုင်းတွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်‌သော သင်ထောက်ကူပစ္စည်းများကို အကြံပြုဆွေးနွေးရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆေင်ရွက်ပေးကာ မူကြိုကလေးငယ်များအတွက် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးစေရေး ဆရာ ၊ မိဘ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )