ကန့်ဘလူ ဖေဖော်ဝါရီ ၇
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်တွင်းသုံးပဲ ဖူလုံပိုလျှံရေးနှင့် နိုင်ငံခြားပို့ ပဲမျိုးစုံပိုမိုထုတ်လုပ်နိုင်ရေး၊ ပဲမျိုးစုံအထွက်နှုန်းတိုးတက်ရေး၊ နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရေး ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပဲမျိုးစုံသီးနှံပြပွဲကို ဖေဖော်ဝါရီ ၇ ရက်နံနက် ၈ နာရီ ခွဲကကျင်းပရာ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ဆက်စပ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကမ်းဖြူ၊ ဘုတ္တော၊ မြေထူး၊ နတ်ပေး၊ တောက္ကရှပ်နှင့် လိတ္ထူကျေးရွာတို့မှ တောင်သူများတက်ရောက်ကြသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးစိုးအောင်က ပဲမျိုးစုံသီးနှံပြပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစံအောင်က ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသည့်တောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ပဲမျိုးစုံသီးနှံပြပွဲကို လိုက်လံကြည့်ရှုကြရာ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)