ရွှေဘို ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြု (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ဇာတိသွေးနှင့် ရွှေဘိုအတွေးစာဖတ်ဝိုင်း (Books Club) အဖွဲ့က ရွှေဘိုသွေးမဂ္ဂဇင်း အမှတ် ၂ တွင် ရေးသားထားသော စာရေးဆရာ မောင်လွှား(ပညာရေး)၏ စာပေအဆိပ်မသင့်စေဖို့ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေဘိုမြို့နယ် စာရေးဆရာအသင်းနာယက ဘာမထီခင်အောင် (စာပေဗိမာန်စာပေဆုရ)က စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း၊ ရွှေဘိုမြို့နယ် စာရေးဆရာအသင်း၊ ဘဏ္ဍာရေးမှူး ဦးမြတ်သာထွန်းက စာပေအဆိပ်မသင့်စေဖို့ ခေါင်းစဉ်အောက်မှ ဦးဆောင် ဆွေးနွေးပေးခဲ့သည်။ တက်ရောက်လာသော စာရေးဆရာများ၊ စာပေဝါသနာရှင်များက စာပေအဆိပ်၏ အဓိပ္ပါယ်ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသော စာရေးဆရာများ၊ စာပေဝါသနာရှင်များက နောက်တစ်ကြိမ် ဆွေးနွေးမည့် ခေါင်းစဉ်နှင့်နေ့ရက်ကို ရွေးချယ်သတ်မှတ် ခဲ့ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)