မကွေး သြဂုတ် ၂၇
မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မကွေးတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကိစ္စများအား ရှင်းလင်းတင်ပြကာ အစည်းအဝေးပထမပိုင်း အစီအစဉ်ကို ခေတ္တရပ်နားခဲ့သည်။
နေ့လယ်ပိုင်းတွင် အစည်းအဝေး ဒုတိယပိုင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပြီး တင်ပြဆွေးနွေးချက်များအပေါ် မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ၅ နာရီခွဲအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းနှင့် အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် (၁၆) ဦး၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး (၆၀) ဦး၊ စုစုပေါင်း (၇၆) ဦးတို့ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)