မုံရွာ ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမူရေး အသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဟာလည်း လွန်စွာအရေးကြီးပါကြောင်း၊ လူမူဝန်ထမ်း ဦးစီးဌာနအနေနဲ့လည်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကို ဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်အနေနဲ့ ဆောင်ရွက် လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများရဲ့ ကြီးကြပ် လမ်းညွှန်မှူကို ခံယူပြီး ကလေးသူငယ်များ၊ မသန်စွမ်းသူများနဲ့ သက်ကြီးရွယ်အိုများရဲ့ အခွင့်အရေးများကို မည်သူတစ်ဦး တစ်ယောက်မှ နောက်ကျကျန်ရှိခြင်း မရှိစေဘဲ သာတူညီမျှ၊ တန်းတူညီမျှ ရရှိစေဖို့ ဒီထက်မက အောင်မြင်အောင် ပူးပေါင်းလက်တွဲပြီး ဆောင်ရွက် သွားကြပါလို့ ပြောကြားလိုပါကြောင်း” ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေး က တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လူငယ်ဖွံ့ဖြိုးရေး ပရဟိ တဂေဟာ (၁၁)ခုအတွက် ထောက်ပံ့ကြေးငေငွေကျပ် (၃၀,၇၆၂,၀၀၀) (သုံးရာ့ ခုနှစ်သိန်း ခြောက်သောင်းနှစ်ထောင်)နှင့် ဘိုးဘွားရိပ်သာ(၆)ခုအတွက် ငွေကျပ်(၁၃,၀၇၈,၅၀၀)( တစ်ရာ သုံးဆယ်သိန်း ခုနှစ်သောင်းရှစ်ထောင့်ငါးရာ)တို့အား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က မသန်စွမ်းဂေဟာ (၁)ခုအတွက် ငွေကျပ်(၅၉၄,၀၀၀) (ငါးသိန်းကိုးသောင်းလေးထောင်)နှင့် အမျိုးသမီးဂေဟာ (၂)ခုအတွက် ငွေ ကျပ်(၈,၇၀၆,၀၀၀) (ရှစ်ဆယ့်ခုနှစ်သိန်းခြောက်ထောင်) ထောက်ပံ့ကြေး ငွေများအား တာဝန်ရှိသူများထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး လူမူဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကိုယ့်အားကိုယ့်ကိုး မူလတန်း ကြိုကျောင်းများအတွက် ထောက်ပံ့ကြေးငွေကျပ် (၂၀,၇၂၀,၀၀၀) (နှစ်ရာ ခုနှစ်သိန်းနှစ်သောင်း)တို့အား တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများကိုယ်စား မုံရွာဘိုးဘွားရိပ်သာမှ တာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ရင်းရင်းနှီးနှီး လိုက်လံ နုတ်ဆက်ခဲ့ကြသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)