ဝက်လက် ဖေဖေါ်ဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်နှင့် ၁၂ မိုင်ခန့် ကွာဝေးသော ရွှေပန်းကုံး ကျေးရွာတွင် ဘရာဇီးငှက်ပျောခြံများ စိုက်ပျိုးကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘရာဇီးငှက်ပျောခြံ စတင်စိုက်ပျိုးတော့မည်ဆိုလျှင် မြေကိုထယ်ရေးညက်အောင် ထွန်ရပြီး ငှက်ပျောသားတက် တစ်တက်ကို ၃၅၀ ကျပ်ဖြင့် ဝယ်ယူကာ တစ်ပင်နှင့်တစ်ပင် ခုနှစ်တောင်ခြား စိုက်ပျိုးရကြောင်း တစ်ဧကလျှင် ငှက်ပျောပင် ၃၀၀ ကျော်ခန့် စိုက်ပျိုးနိုင်ပြီး စိုက်ပြီး ရှစ်လခန့်အကြာတွင် ငှက်ပျောအဖူး စတင်ထွက်၍ ဆယ်လခန့်အကြာတွင် ငှက်ပျောခိုင် ခုတ်ရကြောင်း ငှက်ပျောတစ်ဖီးကို ၇၀၀ ကျပ်မှ ၁၀၀၀ ကျပ် အထိရောင်းချရကြောင်း တစ်နှစ် လျှင် ငှက်ပျော သုံးကြိမ် ခုတ်ရကြောင်း၊ ငှက်ပျောခြံ အား မိုးရာသီတွင် မိုးရွာသွန်းမှု ကိုကြည့်၍ ရေသွင်းရပြီး နွေရာသီတွင် သုံးကြိမ် ဆောင်းရာသီတွင် နှစ်ကြိမ် ရေသွင်းပေးရကြောင်း ထွက်ရှိလာသော ငှက်ပျောသီးများကို ဝက်လက်မြို့ မန္တလေးမြို့တို့မှ ခြံထဲထိကားဖြင့် လာရောက်ဝယ်ယူကြောင်း ငှက်ပျော တစ်ဧက စိုက်ပျိုးထားလျင် မိသားစု စားဝတ်နေရေးအတွက် တစ်နှစ်လျှင် ငွေကျပ် သိန်း ၂၀ ခန့်အထိ ဝင်ငွေရရှိကြောင်း ဘရာဇီး ငှက်ပျောခြံ စိုက်ပျိုးထားသူ ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာမှ ဦးဝဏ္ဏကျော်၏ ပြောကြားချက်အရ သိရသည်။
မြို့နယ် (ပြန်/ဆက်)