ဘိုကလေး ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဌာနဆိုင်ရာများမှ ယနေ့နံနက် ၄ နာရီခွဲ အချိန်၌ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာများ စုပေါင်း၍ သံဃာတော် အရှင်သူမြတ်များအား မြို့မဆွမ်းလောင်းအသင်း ဓမ္မာရုံ၌ အရုဏ်ဆွမ်းလောင်းလှူပွဲ ကျင်းပသည်။
ဘိုကလေးမြို့နယ် ဌာနဆိုင်ရာများအနေဖြင့် ဝါတွင်းအခါသမယအချိန်တွင် နှစ်စဉ်နှစ်တိုင်း သံဃာတော်အရှင်သူမြတ် များအား အရုဏ်ဆွမ်းလောင်းလှူ ကုသိုလ်တော်ပြုလျက်ရှိရာ ယခုနှစ်တွင်လည်း ဘိုကလေးမြို့ပေါ် ဘုန်းတော်ကြီးကျောင်း (၅၃)ကျောင်းမှ သံဃာတော် (၅၇၉)ပါး တို့အား ဆွမ်း၊ ဆွမ်းဟင်းများအား လောင်းလှူခဲ့ကြပြီး ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း၊ ဘိုကလေးမြို့ပေါ်မှ သံဃာတော်အရှင်သူမြတ် များအား နေ့စဉ်မြို့မဆွမ်းလောင်း အသင်းဓမ္မာရုံ၌ အလှူ့ဒါယိကာ၊ ဒါယိကာမများ စုပေါင်း၍ အရုဏ်ဆွမ်းများ လောင်းလှူလျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)