ငဖဲ ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ချင်းစုရပ်ကွက်သည် မန်းချောင်းနံဘေးတွင် တည်ရှိပြီး အရှေ့ဘက်ကိုင်းမြေများတွင် မြေအောက်ရေဖြင့် တစ်နိုင်တစ်ပိုင် ဆောင်းသီးနှံများစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း ဆောင်းသီးနှံများစိုက်ပျိုး ရောင်းချသူ တောင်သူ ဒေါ်စန်းစန်းအေးထံမှ သိရသည်။
သီတင်းကျွတ်လ မိုးအကုန်တွင် သီးနှံမျိုးစေ့များကို စတင်ပျိုးထောင်ပြီး သီးနှံတစ်မျိုးချင်းအလိုက် ဘောင်ချ၍ မြေအောက်ရေသွင်းကာ စိုက်ပျိုးရောင်းချကြောင်း၊ သီးနှံမျိုးစေ့များကို မင်းဘူးမြို့မ ဝယ်ယူပြီး ပန်းမျိုးစေ့ကိုတော့ အပင်မှမျိုးစေ့ချန်ထားပြီး စိုက်ပျိုးကြောင်း၊ ဆောင်းသီးနှံများ အနေ ဖြင့် ဂေါ်ဖီထုတ်၊ ပန်းမုန်လာ၊ ခရမ်းချဉ်၊ ကြက်သွန်၊ ခရမ်းသီး၊ မေမြို့ပန်း၊ ကိုက်လန်၊ နံနံပင်၊ ဖာလာချဉ်ပေါင်များ စိုက်ပျိုးကြောင်း၊ ဆောင်းသီးနှံပေါ်စ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ နှုန်းနှင့် ပန်းမုန်လာ တစ်ပွင့်လျှင် ၁၀၀၀ ကျပ်နှုန်း ဈေးကောင်းရောင်းချရ၍ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းမုန်လာ စိုက်တစ်ဘောင်ကို ငွေကျပ် သုံးသိန်းခန့်စီရရှိလို့ ပိုမိုတွက်ချေကိုက်ကြောင်း၊ အခြား ဆောင်းသီးနှံများ လှိုင်လှိုင်ပေါ်လာချိန်တွင် ဈေးအသင့်အတင့်ဖြင့်သာ ရောင်းချရကြောင်း၊ ကိုင်းမြေ မှ ထွက်ရှိသည့် သီးနှံများကို ငဖဲမြို့မဈေးတွင် မိမိကိုယ်တိုင်ရောင်းချပြီး အခင်းသို့ ဖောက်သည် လာဝယ်သူများရှိကြောင်း၊ ဆောင်းသီးနှံများကို နေ့စဉ် ငါးသောင်းကျပ်ဖိုးခန့် ရောင်းချရလို့ အဆင်ပြေကြောင်း၊ ကိုင်းမြေတစ်ဧကမှာ ဆောင်းသီးနှံပြီး မိုးသီးနှံများအဖြစ် တိုင်ထောင်ပဲ၊ ပြောင်းဖူး၊ သခွားနှင့် ရုံးပတီများကို ရာသီအလိုက် စိုက်ပျိုးရောင်းချရလို့ မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း တောင်သူ ဒေါ်စန်းစန်းအေးက ပြောကြားသည်။
ငဖဲမြို့နယ်တွင် မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်နှင့် အိုးမြေတွင်းကျေးရွာများတွင် မြေအောက်ရေ၊ မန်းချောင်းရေကို အသုံးပြု၍ တစ်နိုင်တစ်ပိုင် ကိုင်းမြေများတွင် ရာသီအလိုက်သီးနှံများနှင့် ဂန္မမာ ပန်း၊ မေမြို့ပန်းများကို စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)