ဟင်္သာတမြို့နယ်တွင် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရ သေဆုံးသူအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၇၂ သိန်း ခွင့်ပြုထုတ်ပေး

ဟင်္သာတ ဖေဖေါ်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော မြို့နယ်စည်ပင်သာယာရေးဌာနမှ အာမခံအလုပ်သမား ဦးသက်စိုးထွန်း၏ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးခြင်းကြောင့် လူမှုဖူလုံရေးအဖွဲ့မှ ကျန်ရစ်သူမိသားစုအတွက် အကျိုးခံစားခွင့်ပေးအပ်ပွဲကို ဖေဖေါ်ဝါရီ ၅ ရက်နေ့ နေလည် ၁ နာရီက မြို့နယ်စည်ပင်သာယာရေးဌာနရုံး အစည်းဝေးခန်းမတွင်  ပေးအပ်ပွဲကျင်းပခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦး၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မိတ်ဖက်ဌာနများမှ မြို့နယ်ဦးစီးမှူးများ၊ ဟင်္သာတမြို့နယ်ရုံးခွဲတာဝန်ခံ၊ သက်ဆိုင်ရာအလုပ်ဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ၊ ကျန်ရစ်သူမိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့၊ တိုင်းတာဝန်ခံအရာရှိက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးသွားသော ဦးသက်စိုးထွန်းအတွက် နာရေးစရိတ်ငွေကျပ် ၇၂၀၀၀၀/- တိတိအား ၂၅-၁၁-၂၀၂၁ ရက်နေ့တွင် ထုတ်ပေးပြီးစီးပါသဖြင့် ယခုအခမ်းအနား တွင် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် ၇၂၀၀၀၀၀/- တိတိအား တိုင်းတာဝန်ခံအရာရှိမှ သေဆုံးသူ၏ ဇနီးဖြစ်သူထံပေးအပ်ခဲ့သည်။ နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် စုစုပေါင်းငွေမှာ ကျပ် ၇၉၂၀၀၀၀/- တိတိဖြစ်ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာန ၂၂၆ ဌာနရှိကြောင်းနှင့် အာမခံအလုပ်သမား ၁၇၇၈ ဦး ရှိကြောင်း မြိုနယ်လူမူဖူလုံရေးရုံးရုံးခွဲတာဝန်ခံထံမှ သိရသည်။

ကိုဇော် - ဟင်္သာတ