ကမမောင်း ဖေဖော်ဝါရီ ၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကိုဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာကြ စေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇ ပြောင်းလဲမှုအများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ် ရောဂါဖြစ်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက် မလည်ပတ်ကြရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း Mask ကိုစနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးရှိသော နေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကိုပွတ်သပ် ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်းသော အခန်း၌သာ နေထိုင်ရန်၊ ရောဂါကူးစပ်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်စသည့် လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ပြည်သူများအားကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ကမမောင်း(ပြန်/ဆက်)