သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

သာယာဝတီ  ဖေဖော်ဝါရီ  ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်နှင့် သုံးဆယ်မြို့တို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် နိုင်ရေး ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဌ ဦးဆန်းဟိုနှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ ပြည်သူများ အသွားအလာများသည့် လမ်းဆုံများသို့ ကွင်းဆင်း၍ အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပညာပေး ကွင်းဆင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှု ရှိလာပြီဖြစ်ပြီး အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိရသည့် မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် တွေ့ရှိလာကာ ကူးစက်လျက်ရှိသည့်အတွက် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာ ဆေးကြောကြရန်၊ လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကာကွယ်ဆေးများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံမှုရှိစေရန် ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်အရေအတွက်ပြည့်မှီစွာ ထိုးနှံကြပါရန် စသည်ဖြင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား အသိပညာပေး နိုးဆော်ခဲ့သည်။

ယင်းနောက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် သုံးဆယ်မြို့မ ဈေးအတွင်း လှည့်လည်ပြီး ကွင်းဆင်းစစ်ဆေးရာ  Mask မတပ်ဆင်သူများနှင့် စည်းကမ်းချက် မလိုက်နာသူ ပြည်သူများအား စစ်ဆေး ဒဏ်ရိုက်ခြင်းများ‌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အေးခိုင်