ဒိုက်ဦး ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းတွင် ဒိုက်ဦးမြို့အမှတ် ၅ သံတံတားရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ/ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး လက်ရှိဒေသ၌ ကိုင်ဆောင်လက်မှတ်မရှိသူများ အတွက်ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ/ လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ပေးခြင်းစသည့် နည်းလမ်းများဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဦးစီးမှူးရုံးမှ ကွင်းဆင်း ဆောင်ရွက် ပေးရာတွင် ရပ်ကွက်နေပြည်သူများအိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အဆင်ပြေစွာ ပြုလုပ်ပေးနိုင်ရန် ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများအရောက် စာရင်းများ ကွင်းဆင်းကောက်ယူ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဆက်လက်၍လည်း ရပ်ကွက်၊ ကျေးရွာများအလိုက် စာရင်းကောက်ယူခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)