ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်မှ ရေစတင်ပေးဝေ

ငဖဲ   ဖေဖော်ဝါရီ   ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံဆည်မှ ၂၀၂၁ ခုနှစ် မိုးစပါးများရိတ်သိမ်းချိန် နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ ရေပေးဝေမှုရပ်ဆိုင်းထားရာမှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့တွင်ဖွင့်လှစ်မည့် မန်းရွှေစက်တော် ဗုဒ္ဓပါဒပူဇနိယပွဲတော်ဖွင့်ပွဲအမီ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ဆည်ရေ (၂၀၀-ကုဗပေ/စက္ကန့်) စတင်ရေလွှတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ဆည်ရေ (၂၀၀-ကုဗပေ/စက္ကန့်) လွှတ်ပေးနေပြီဖြစ်ရာ မန်းရွှေစက်တော် မန်းချောင်းတစ်လျှောက် ရေအနည်းငယ် တိုးလာမည်ဖြစ်ကြောင်း၊ ဘုရားဖူး ပြည်သူများနှင့် တည်းခိုဆောင်များ အဆင်ပြေစေရေးအတွက် ဘုရားပွဲတော်ကာလတစ်လျှောက် ပုံမှန် ရေပေးဝေသွားမည် ဖြစ်ကြောင်းနှင့် နွေသီးနှံများစိုက်ပျိုးရန်အတွက်ဆည်ရေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ငဖဲမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရှိရသည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်သည် ငဖဲမြို့နယ်နှင့် မင်းဘူး(စကု) မြို့နယ်အတွင်းရှိ မိုးသီးနှံ၊ နွေသီးနှံနှင့် ဆောင်းသီးနှံများ စိုက်ပျိုးရန်အတွက် သာမက မန်းရွှေစက်တော်ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူနိုင်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးတို့ အတွက်ပါ ဘက်စုံအကျိုးပြုနေသော ဆည်တစ်ခုဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)