ကြာအင်းဆိပ်ကြီးမြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့ ပြန်လည်ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

ကြာအင်းဆိပ်ကြီး ဖေဖေါ်ဝါရီ ၆

မြို့နယ်သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် ပြန်လည်အစားထိုး ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်()ရပ်ကွက်ရှိ မြို့လယ်သာသနာ့ ဗိမာန်တော်ကြီး ၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ မြို့နယ်သံဃနာယက အနားယူအစားထိုးရွေးချယ်ခြင်း၌ ဦးဆောင်ကွပ်ကဲရေး ဆရာတော်ကြီးများဖြစ်ကြသည့် ဘားအံမြို့ ခေမာရာကျောင်းဆရာတော် ဘဒ္ဒန္တသောပါက (နိုင်ဗဟို)၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တောင်ပကျောင်းဆရာတော် ဘဒ္ဒန္တသုဇာတ (နိုင်ဗဟို)၊နှင့် ကြီးကြပ်ရေးဆရာတော် (၃)ပါး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဩဝါဒါစရိယဆရာတော် (၅)ပါး၊ မြို့နယ်သံဃနာယက ဆရာတော် (၉)ပါး၊ မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော် (၅၉)ပါးအနက် (၅၄)ပါး တက်ရောက် ကြွရောက်တော်မူကြသည့်အတွက် (၇၅)ရာခိုင်နှုန်း ပြည့်မီသည့်အတွက် ရွေးချယ်တင်မြှောက်ခြင်း အထမြောက်ကြောင်း သိရသည်။

ယင်းနောက် သံဃနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်ဝန်ဆောင် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ သဘာပတိဆရာတော် ဘဒ္ဒန္တဝဏ္ဏိဿရဆရာတော်ဘုရားမှ အဖွင့်ဩဝါဒ‌ ဖတ်ကြားပြောဆိုမိန့်ကြားပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်က သာသနာရေးဆိုင်ရာများအား လျှောက်ထားတင်ပြ ဖတ်ကြားသည်။ ထို့နောက် အဆိုပါ သံဃနာယက ပြန်လည်ရွေးချယ်ခြင်း၌ အစားထိုးရွေးချယ်ခံရသည့် ပြည်နယ်ဝန်ဆောင်ဆရာတော် (၁)ပါး၊ မြို့နယ်ဝန်ဆောင် (၅၉)ပါး၊ မြို့နယ်သံဃနာယကအဖွဲ့ (၉)ပါးတို့အား ဘွဲ့အမည်နှင့်တစ်ပါးချင်းစီအလိုက် သဘာပတိဆရာတော်ဘုရာကြီးမှ တင်သွင်းခဲ့ပြီး ကြွ ရောက်တော်မူလာကြသည့် သံဃဝန်ဆောင် ဆရာတော်ကြီးများမှ သာဓု(၃)ကြိမ်ခေါ်ဆို၍ အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါမြို့နယ်သံဃနာယက ရွေးချယ်ခြင်း၌ ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ဗျူဟာအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်း၊ ပြည်နယ်သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူဝင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်များမှ တက်ရောက်ပူဇော်ခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး