(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်

ဘားအံ ဖေဖော်ဝါရီ ၆

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံဂေါက်ကလပ် မြက်ခင်းပြင်၌ ကျင်းပသည်။

အဆိုပါဂေါက်သီးရိုက်ပြိုင်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နံနက်ပိုင်းတွင် ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကရင်ပြည်နယ်အတွင်းရှိ ဂေါက်သီးရိုက် အားကစားသမား ၇၀ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို မွန်းလွဲ ၆ နာရီခန့်က ဘားအံဂေါက်ကလပ်မြက်ခင်းပြင်၌ ဆက်လက် ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ဆုများကိုပေးအပ်ချီးမြှင့်ရာ ဘားအံဂေါက်ကလပ်ဥက္ကဋ္ဌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူက လိုင်းနှင့်အနီးဆုံးဆု၊ ကျင်းနှင့်အနီးဆုံးဆုရအားကစားသမားများကို လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က အဝေးဆုံးရိုက်ချက်ဆု၊ ပါအများဆုံးဆု၊ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်က ဘာဒီအများဆုံးဆု၊ အကြိုးစားဆုံးဆု၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက သက်ကြီးတန်း တတိယနှင့်ဒုတိယဆု၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကိုက သက်ကြီးတန်း ပထမဆု၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးဦးစောခင်မောင်မြင့်က Handicap 19 to 24 အငယ်တန်းဆု တတိယနှင့် ဒုတိယ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က Handicap 19 to 24 အငယ်တန်းဆု ပထမ ရရှိသည့်အားကစားသမားများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက Handicap 0 to 18 အကြီးတန်းဆု စတုတ္ထ၊ တတိယ၊ ဒုတိယ၊ ပထမ ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဥက္ကဋ္ဌ ဦးနိုင်ကြည်စန်းနှင့် အဖွဲ့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလိုင်းများ သွယ်တန်းရရှိနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)