နတ်မောက် ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မြို့မဘုန်းတော်ကြီးကျောင်းတွင် ဘာသာ သာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်စွာ တည်တံ့ပြန့်ပွားစေရေးအတွက် နတ်မောက်မြို့နယ် သံဃနာယကအဖွဲ့များက အနားယူလစ်လပ်သွားသော သံဃနာယကနေရာများ၌ အစားထိုးရွေးချယ်ရန် သံဃအဖွဲ့အစည်းအဆင့်ဆင့် ( အနားယူ/ အစားထိုး) ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမ္မောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သဘာပတိဆရာတော် ဦးသုမဏမှ ဩဝါဒကထာမြွတ်ကြား၍ ရွေးချယ်ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က သာသနာရေး ဆိုင်ရာများကို တင်ပြလျှောက်ထားပြီး မြို့နယ်သံဃနာယကမှ အနားယူမည့် ဆရာတော်များ၏ ဘွဲ့အမည်စာရင်းများကို မြို့နယ်သံဃ ဝန်ဆောင်တစ်ပါးမှ ဖတ်ကြားလျှောက်ထားခဲ့သည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့မှ လစ်လပ်သွားသော သံဃာတော် ၅ ပါးနေရာတွင် လျှော်ကျောင်းကြီး ကျောင်းတိုင်ဆရာတော် ဦးဇနက၊ ရွှေဘုံသာကျောင်းတိုင်ဆရာတော် ဦးပဏ္ဍိစ္စ၊ ကျွန်းတောကျောင်းဆရာတော် ဦးဉာဏိဿရ၊ ဖျောက်ဆိပ်ပင်ကျောင်း ဆရာတော် ဦးဉာဏီန္ဒ၊ ဘုရားသုံးဆူကျောင်းဆရာတော် ဦးအဂ္ဂဓမ္မတို့ကို တက်ရောက်လာကြသော သံဃာတော်တော်များမှ အဆိုပြု ထောက်ခံ အတည်ပြုခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့အဖြစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
သင်းသင်းမြတ်