ဟင်္သာတမြို့နယ်၌ (အဌမ) အကြိမ် မြို့နယ်သံဃနာယကအဖွဲ့ အနားယူ၊ အစားထိုး ရွေးချယ်ခြင်းနှင့် မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေး အခမ်းအနား ကျင်းပပြုလုပ်

ဟင်္သာတ ဖေဖေါ်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် အဌမအကြိမ် မြို့နယ် သံဃနာယက အဖွဲ့အနားယူ၊ အစားထိုး ရွေးချယ်ခြင်းနှင့် မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေး အခမ်းအနားကို ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ မြစ်ကွေ့ ကျောင်းလမ်း၊ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်အတွင်းရှိ ဇေယျာသီရိ သုံးထပ်တိုက်ကျောင်း၌ ယနေ့နံနက် ၉ နာရီကကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ကြပြီး သဘာပတိဆရာတော်ကြီးများ ရှေ့တွင် ဟင်္သာတမြို့နယ်အတွက် မြို့နယ်သံဃနာယက အမှုဆောင်များအတွင်းမှ ပျံလွန်တော်မူ၊ အနားယူ၊ နုတ်ထွက် ဆရာတော်များအစား အစားထိုးရွေးချယ်ပွဲ ပြုလုပ်ခဲ့ရာ တက်ရောက်လာသောဆရာတော်၊ သံဃာတော်များမှ မြို့နယ်သံဃနာယကအဖွဲ့ အမည်စာရင်းအား အများသဘော ဆန္ဒဖြင့် ရွေးချယ်တင်မြောက်ခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ ပိတ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးသံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ သောဘိတ၊ မရမ်းချို ပရိယတ္တိ စာသင်တိုက်၊ ပုသိမ်မြို့မှ ကြီးကြပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)၊ မိုးကောင်း ပရိယတ္တိ စာသင်တိုက်မှ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ၊ မြစ်ကွေ့ပရိယတ္တိ စာသင်တိုက်မှ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္တသိရီဘိဝံသ နှင့် မြို့နယ်တွင်းရှိကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်အပါး(၄၀)နှင့်ဟ င်္သာတခရိုင် သာသနာရေး ဦးစီးမှူး ဦးသိန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းလွင်နှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ မြို့မိမြို့ဖများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့​ကြသည်။ မြို့နယ်သံဃနာယက ရွေးချယ်ပွဲအခမ်းအနား သို့ကြွရောက်တော် မူကြ သော ဆရာတော်၊ သံဃာတော်များအား မြစ်ကွေ့ပရိယတ္တိစာသင်တိုက်၌ နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဇော် - ဟင်္သာတ