မော်လိုက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်းသီးနှံကွင်းသရုပ်ပြပွဲ ကျင်းပ

မော်လိုက် ဖေဖော်ဝါရီ


 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်းသီးနှံကွင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက မြို့မ(၁)ရပ်ကွက်၊ စွယ်တော်ရပ်ရှိ တောင်သူ ဦးဆန်းလှိုင်၏ ဆောင်းသီးနှံစိုက်ခင်းတွင် ပြုလုပ်ခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကံဆောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးနှင့် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆောင်းသီးနှံကွင်းသရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကံဆောင် က ခရိုင်/မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများအတွက် တောင်သူဦးဆန်းလှိုင်၏ သီးနှံ စိုက်ခင်းတွင် စိုက်ပျိုးထားသည့် သီးနှံများနှင့်ပတ်သက်၍လည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေး ဦးစီးအရာရှိ ဦးကျော်စိန်ဦးက သီးနှံကာကွယ်ရေးနှင့်ပတ်သက်လည်းကောင်း အသိပညာပေး ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဝန်ထမ်းများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆောင်းသီးနှံစိုက်ခင်း များအတွင်း စိုက်ပျိုးရေးဝန်ထမ်းများမှ လက်တွေ့ ပိုးမွှားကင်းထောက် ရှာဖွေနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး  ဆောင်းသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မော်လိုက်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးမှုအနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းသီးနှံ (၂၈၇၄၇)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး လက်ရှိတွင် ဆောင်းသီးနှံစိုက်ပျိုးနိုင်မှု စုစုပေါင်း (၂၆၇၀၄)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ တောင်သူများအနေဖြင့်  မြေပဲ၊ နေကြာ၊ ပြောင်းနှင့် စားတော်ပဲ စသည့် ဆောင်းသီးနှံများကို အများဆုံးစိုက်ပျိုးလေ့ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

မော်လိုက်သားလေး