မြို့သစ် ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်တွင်မြေအောက်ရေအသုံးပြု၍ငရုပ်မျိုးစိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာ သည့် ငရုပ်သီးစိမ်း တစ်ပိဿတစ်ထောင့်ငါးရာကျပ်၊နှစ်ထောင်ကျပ်ခန့် ရောင်းချရခြင်းကြောင့် ငရုပ်မျိုးစိုက်ပျိုးရောင်းချသူ တောင်သူများ အဆင်ပြေနေကြကြောင်း ငရုပ်စိုက်တောင်သူများထံက သိရသည်။
မြို့သစ်မြို့နယ်အတွင်းကျေးရွာအုပ်စုများသည်မြေအောက်ရေတူးဖော်၍သီးနှံအမျိုးမျိုးစိုက်ပျိုးကြရာသီးနှံပေါ်ချိန်ဈေးနှုန်းကောင်းနိုင်သည့်သီးနှံများရွေးချယ်စိုက်ပျိုးလေ့ရှိသည်။ယခုနှစ်တွင်ငရုပ်အမျိုးမျိုးကိုတောင်သူအများစု စိုက် ပျိုးကြကြောင်း သိရသည်။
တော်သလင်းလ၊ သီတင်း ကျွတ်လတွင် ငရုပ်မျိုးများအား ပျိုး ထောင် ကြကာ ပျိုးထောင်ပြီး ရက်ပေါင်း ၄၅ ရက်ရှိလျှင် ယာခင်း၊ ကိုင်းခင်းထဲသို့ ရွေ့ပြောင်း စိုက်ပျိုးကြကြောင်း၊ ငရုပ်မျိုးစေ့ ပျိုးထောင်ရာတွင် အိတ်တစ်အိတ်မျိုးစေ့ တစ်စေ့နှုန်းဖြင့် ပျိုးထောင်ကြကာ ငရုပ်မျိုးတစ်ထုပ်ကို ငါးထောင်ကျပ်ပေးရကြောင်း၊ကိုင်းကျွန်းထဲရွေ့စိုက်ပျိုးချိန် နှစ်လခွဲခန့်အကြာတွင် အပွင့်အသီးသီးကာသုံးလခန့်တွင်ခူးဆွတ်ရောင်းချ ရကြောင်း သိရသည်။
မြေအောက်ရေတူးဖော်ကာ စိုက်ပျိုးသည့် ငရုပ်မျိုးသည် အပြွတ်လိုက်သီးကာ မိုးပေါ်ထောင်သီးနေကြောင်း ငရုပ်သီးအမှည့်ဈေးကတော့ ဘယ်ဈေးဆိုတာ မသိရသေးကြောင်း ငရုပ်နောက်ပိုင်းသီးကို မျိုးသီးအဖြစ် အမှည့်ထားကြသော်လည်း ဒုတိယမျိုးဆက် အသီးသေးငယ်ကာ ပထမမျိုးဆက် စိုက်သလောက် အသီးမသီးသောကြောင့်ငရုပ်သီးမှည့်မျိုးမယူကြဘဲ အစိမ်းသာခူးဆွတ်ပြီး ရောင်းချကြကြောင်းမြို့သစ်မြို့နယ်မြေခြားကျေးရွာမှငရုပ်စိုက်တောင်သူတစ်ဦးက ပြောသည်။
အဆိုပါ ငရုပ်စိုက်တောင်သူများသည် ငရုပ်သီးများလှိုင်လှိုင်သီးချိန်နတ်တော်လပြည့်ကျော်မှတပေါင်းလ၊တန်ခူးလထိငါးရက်တစ်ကြိမ် ခူးဆွတ်ရောင်းချရကြောင်း စိုက်ခင်းကျယ် ကျယ်သလိုငရုပ်အထွက်များကြောင်း သိရပြီးမြို့သစ်ဈေးသို့ သွားရောက်ရောင်းချခြင်းနှင့် ငရုပ်သီးပွဲစားများ ရွာထိလာရောက်ဝယ်ယူကြကြောင်း ငရုပ်သီးတစ်ပိဿတစ်ထောင့်ငါးရာ၊နှစ်ထောင်ဈေးအောက်တော့ မကျသေးနိုင်ကြောင်း အတက်ဈေးသာ ရှိနိုင်ကြောင်းနှင့် ငရုပ်စိုက်တောင်သူများလိုချင်သည့် ဈေးနှုန်းရရှိခြင်းကြောင့် ငရုပ်စိုက်ပျိုးတောင်သူများ အဆင်ပြေကြောင်း သိရသည်။
သန်းဝင်းထွန်း