ဆင်ပေါင်ဝဲမြို့နယ်၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် (အနားယူ) (အစားထိုးခြင်း) ဆိုင်ရာ အခမ်းအနားကျင်းပ

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သံဃာ့နာယကအဖွဲ့ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်တင်မြောက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ဆင်ပေါင်ဝဲမြို့ နယ်၊ အမှတ်(၂)ရပ်ကွက်၊သတိပဌာန်ကျောင်း တိုက်တွင်ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ မြို့နယ်သံဃာဆရာတော်(၄၅)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူပုဂ္ဂိုလ်(၃၀)ဦး တက်ရောက်ခဲ့ပြီး  အခမ်းအနားကို  နမောတဿ (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့သည်။

ယင်းနောက် ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ (သဘာပတိဆရာတော်)မှအဖွင့်ဩဝါဒကထာမြွက်ကြားပြီး အခမ်းအနားမှူးဆရာတော်မှ ရွေးချယ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။ 

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဇော်ဦးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြို့နယ်သံဃာ့နာယကမှအနားယူမည့် ဆရာတော်များ၏ဘွဲ့အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင်တစ်ပါးမှ ဖတ်ကြား လျှောက်ထားခဲ့သည်။

၎င်းနောက် လစ်လပ်မှုဖြစ်သော မြို့နယ်သံဃာ့နာ ယကအဖွဲ့ဝင်နေရာများ၌ အစားထိုးရွေးချယ်ရန် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်တစ်ပါးမှ အဆိုတင်သွင်းခြင်း၊မြို့နယ်သံဃာ့နာယကဥက္ကဌ ဆရာတော်၏ဘွဲ့အမည်အား အဆိုတင်သွင်းမည့်ဆရာတော်ကိုပင့်ဖိတ်ခြင်းနှင့်ထောက်ခံမည့်ဆရာတော်အားပင့်ဖိတ်ခြင်း၊မြို့နယ်ဥက္ကဌဆရာ တော်မှမိမိနှင့်တွဲဖက်ဆောင်ရွက်မည့် စာရင်းအား တင်သွင်းခြင်းနှင့်အဆိုပြုထောက်ခံသွားခြင်းကို (သဘာပတိဆရာတော်)မှ သာဓု(၃)ကြိမ်ခေါ်ဆိုစေပြီး အတည်ပြုချက်ရယူခဲ့ကြသည်။

ထို့နောက်  သဘာပတိဆရာတော်မှ  နိဂုံးချုပ်ဩဝါဒကထာမြွက်ကြားကာ“ဗုဒ္ဓသာသနံ စိရံ တိဌတု”(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားပြီးမြောက် ကြောင်း ကြေငြာ၍ ကြွရောက်လာကြသော ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နိုင်လင်း (မြို့နယ်ပြန်/ဆက်)