မြိတ် ဖေဖော်ဝါရီ ၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားခဲ့သည့်ကာလ၌ ရောဂါ ကာ ကွယ်/ ထိန်းချုပ်/ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီအသင်းဝင်များအား ဂုဏ်ပြုပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် ကြက်ခြေနီအသင်း(ခွဲ) ရုံးတွင် ကျင်းပခဲ့သည်။
ဂုဏ်ပြုပွဲတွင် မြိတ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေက စေတနာဝါသနာ အရင်းခံ၍ ကိုဗစ်ရောဂါ ကာကွယ်/ ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကိုဗစ်ကုသရေးစင်တာများတွင် ကုသရေးလုပ်ငန်းများ၌ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ အသင်းဝင်များအား ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထိုနောက် ကိုဗစ် ရောဂါ ကာကွယ်/ ထိန်းချုပ်/ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်(၃၂)ဦးနှင့် ကြက်ခြေနီအသင်းဝင်(၁၀)ဦးအား မြိတ်ခရိုင် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆေးသေတ္တာအိတ် တစ်လုံးစီကို ဂုဏ်ပြုပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသည့်ကာလ၌ စက္ခုဒါနသံဃာ့ဆေးရုံ ကိုဗစ်စင်တာတွင် ကိုဗစ် ပိုးတွေ့လူနာများအား ကုသပေးရာတွင် အတွင်းစည်း ကုသရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)မှ ဒေါက်တာတင်စိုးမိုးက ဂုဏ်ပြုဆုငွေပေးအပ် ချီးမြှင့်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ဒုတိယ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ်ပြန်/ဆက်)