ခါမ်းပါတ်၊ ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်အတွင်း အဓိကထွက်ရှိပြီး ဒေသခပြည်သူများ နှက်ခြိုက်စွာစားသုံးကြသည့်အပြင် တဖက် အိန္ဒိယနိုင်ငံ ကသည်းလူမျိုးများ နှက်ခြိုက်စွာဝယ်ယူစားသုံးကြသော ဒေသထွက်မျောက်ငိုသီးများ စျေးကွက်အတွင်း စတင်ဝင်ရောက်လျက်ရှိကြောင်းသိရသည်။
"အဓိကစျေးကွက်ကတော့ အိန္ဒိယဘက်ခြမ်းပေါ့။ခုတော့ အတောင့်( ၁၀၀)ကို အိန္ဒိယရူပီး (၃၀၀)ကနေ (၆၀၀)ကြားရှိပါတယ်။ဒါကလည်း အတောင့်အတိုအရှည်နဲ့ အသီးလှပမှုအပေါ် စျေးကွာသွားတာပါ။ရောင်းအားကတော့ ပါသလောက်အကုန်ယူတယ်..ဒါပေမယ့် အခြေအနေအမျိုးမျိုးကြောင့် စျေးနှိမ်ခံရတာမျိုးတော့ ရှိပါတယ်" မျောက်ငိုသီးဝယ်ယူရောင်းချနေသူ ဦးဖိုးဆန်းထံမှ သိရသည်။
မျောက်ငိုသီးကောက် အငှားလိုက်သူများအနေဖြင့်လည်း တစ်ရက်လျင် ငွေကျပ်တစ်သောင်းမှ နှစ်သောင်းဝန်းကျင်ထိရရှိကြကြောင်းသိရသည်။
"အတောင့်ကောက်ခကျတော့ တစ်တောင့်ကို ခုနှစ်ကျပ်နှုန်းပေးရတယ်။ ပြီးတော့ကိုယ်ကကောက်ထားတာများလို့ ကယ်ရီခေါ်ရရင်တော့ တစ်ခေါက်ကို တစ်သောင်းပေးရတယ်။အသွားအပြန်လည်း ဆီထည့်ပေးရပါတယ်"ဟု ၎င်းက ဆက်ပြောပါသည်။
မျောက်ငိုပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး မိမိတို့အိမ်ဝိုင်းအတွင်း စိုက်ပျိုးထားရုံဖြင့် တစ်ရာသီလျင် နှစ်သိန်းမှ ငါးသိန်း ဝန်းကျင်အထိ ရရှိနိုင်ကြကြောင်းလည်း သိရသည်။
သားငယ်(ခါမ်းပါတ်)