ဒေးဒရဲမြို့အဝင် တံတားစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေး စစ်ဆေးခြင်းများ စတင်ဆောင်ရွက်

ဒေးဒရဲ ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးခြင်းများကို မြို့အဝင် တံတားစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် ၆ နာရီက စတင်ပြီး  စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဌာနက ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါပိုး ကူးစက်မှုများ   ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့အဝင် တံတားစစ်ဆေးရေးဂိတ်သို့ ဝင်ရောက်သည့် ခရီးသွားပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ် ဆေးထိုးမှတ်တမ်း စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးတွင်း အောက်ဆီဂျင် တိုင်းခြင်း၊ သံသယရှိပါက RDT Test kit ဖြင့် စစ်ဆေးခြင်းများကို  စစ်ဆေးဆောင်ရွက်လျက်ရှိပြီး  ခရီးသွား ပြည်သူများတွင် ရောဂါပိုးတွေရှိပါက အခြားမြို့နယ်မှ ပြည်သူများကို သက်ဆိုင်ရာမြို့နယ်သို့ လည်းကောင်း၊ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများကို မြို့နယ်သာသနာ့ဗိမ္မာန်တွင် လည်းကောင်း၊ ကျေးရွာများရှိ ပြည်သူများကို သက်ဆိုင်ရာ ကျေးရွာ Quarantine Centre များတွင် Quarantine ထားရှိနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခရီးသွား ပြည်သူများအနေဖြင့် ရောဂါပိုးရှိသူနှင့် ထိစပ်မိပါက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာရှိသူကို Quarantine (၁၁)ရက်နှင့် ထောက်ခံစာ မရှိပါက သတ်မှတ်နေရာများတွင်  Quarantine(၁၄)ရက် ဝင်ရောက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)