သာသနတက္ကသီလဓမ္မစရိယ ဘွဲ့တော်ရ အရှင်ဝါသဝအား ဂုဏ်ပြုပူဇော်ခြင်း အခမ်းအနား ကျင်းပ

ပိုင်ကျုံ  ဖေဖော်ဝါရီ  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပရဟိတမြို့မ သာသနာပြုကျောင်းမှ သာသနာပြု တာဝန်ထမ်းဆောင်နေသော သာသနတက္ကသီလအရှင်ဝါသဝအား နိုင်ငံတော်မှ ချီးမြှင့်သော သာသန တက္ကသီလ ဓမ္မရိယ (B.A, Buddhism) ဘွဲ့တော်ရရှိ၍ ဂုဏဝိသိဂုဏ်ပြုပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပိုင်ကျုံမြို့ ပရဟိတမြို့မသာသနာပြုကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ဧည့်ပရိတ်သတ်တို့မှ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး ပိုင်ကျုံမြို့ ပရဟိတမြို့မသာသနာပြုကျောင်းမှ ဆရာတော်ဦးဓမ္မသီရီမှ ငါးပါးသီလတရားမြတ်နှင့် ဩဝါဒတရား မိန့်ကြားပြီး သာသနတက္ကသီလ ဓမ္မစရိယ (B.A,Buddhism) ဘွဲ့တော်ရအရှင်ဝါသဝ၏ ထေရုတ္တိကို ပိုင်ကျုံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်မှ ဖတ်ကြားပူဇော်ခဲ့ကြောင်းသိရသည်။

ယင်းနောက် သာသနတက္ကသီလ ဓမ္မစရိယဘွဲ့တော်ရ အရှင်ဝါသဝအား ပိုင်ကျုံမြို့၊ မြို့အုပ်ချုပ် ရေးမှူးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒါယကာ၊ ဒါယိကာမများတို့က လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်ပူဇော် လှူဒါန်းခဲ့ပြီး ပိုင်ကျုံမြို့၊ ပရဟိတမြို့မသာသနာပြုကျောင်းမှ ဆရာတော် ကအနုမေဒနာတရားနှင့် ရေစက်သွန်းချတရားတော်များ ချီးမြှင့်အမျှဝေပြီး ဗု‌ဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ကန်တော့ခဲ့ကြောင်း သိရသည်။

နော်ခူးခူး