ဗန်းမောက်မြို့၌ ကျန်းမာရေးသုံးဆေးဝါး အရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိမရှိ စစ်ဆေး

ဗန်းမောက် ဖေဖော်ဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကျန်းမာရေး သုံးဆေးဝါးအရောင်းဆိုင်များအား သတ်မှတ်ထားရှိသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိမရှိကို ဖေဖော်ဝါရီ  ၄ရက်နေ့ ညနေပိုင်းက စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့က ပူးပေါင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် ကျန်းမာရေးသုံးဆေးဝါးရောင်းချသည့်ဆိုင်များရှိ ဆေးဝါးများအား သက်တမ်းလွန်ဆေးဝါးများရောင်ချခြင်းရှိမရှိ၊ ရောင်းချခွင့်မရှိသည့် ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား ရောင်းချခြင်းရှိမရှိ ကိုယ်တိုင်ဖော်စပ်သည့် ဆေးဝါးများနှင့်စပ်ဆေးများကို မရောင်းချကြရန် ဆိုင်ရာဆရာဝန်၏ ဆေးထာက်ခံချက်လက်မှတ်ပါရှိမှသာ ရောင်းချကြရန်နှင့် မြို့နယ်အတွင်းရှိ ဆေးဝါး ပစ္စည်းသုံးစွဲသည့် ပြည်သူများ ဆေးဝါးနှင့်ပတ်သက်သည့်အန္တရာယ်များ မဖြစ်ပေါ်စေရေး ဆေးဝါးပစ္စည်း ရောင်းချသည့်ဆိုင်များက စည်းကမ်းလိုက်နာပြီး ရောင်းချသွားကြရန် မြို့နယ်စားသုံးသူရေးရာတာဝန်ခံ ဦးမင်းဇော်ဦးက ဆေးဝါးပစ္စည်းဆိုင်ပိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မေသူဟန်(ဗန်းမောက်)