မြဝတီ ဖေဖော်ဝါရီ ၆
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်းမူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်က ကျောင်းသား၊ ကျောင်း သူများ ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်၊ သရုပ်ဖော် စွမ်းရည်များ ရရှိစေရန်နှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် ဗဟုသုတများ သိရှိနားလည်စေရန် ရည်ရွယ်၍ အခုလိုပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အကဲဖြတ်ဒိုင်များက ပြိုင်ပွဲနှင့် ပတ်သက်သည့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပုံပြင် ပြောပြိုင်ပွဲများကို ကျောင်းသားကျောင်းသူ (၂၀) ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဆုရ ကျောင်းသား/သူများအား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဆုများအသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့် (ပြန်/ဆက်)