ချောက် ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့တွင်(အဋ္ဌမအကြိမ်) မြို့နယ်သံဃာ့နာယကအဖွဲ့အနား ယူခြင်း/ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကို ဖေဖော်ဝါရီ ၅ရက်နေ့ နံနက်(၈)နာရီအချိန်က ချောက်မြို့အမှတ် (၁၁)ရပ်ကွက်သာသနာ့ဗိမာန်တော်ကြီးပေါ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ"န မောတဿ"(၃)ကြိမ် ရွတ်ဆို၍ အခမ်းနား စတင်ဖွင့်လှစ်ပြီး ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့၊သဘာပတိဆရာတော် မှအဖွင့်သြဝါဒကထာမြွတ်ကြားသည်။ယင်းနောက် အခမ်းနားမှူးဆရာတော်က ရွေးချယ်ရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းလျှောက်ထားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင် က သာသနာရေးဆိုင်ရာကိစ္စများ လျောက်ထားသည်။
ထို့နောက်မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်တစ်ပါးကမြို့နယ်သံဃာ့နာယကမှအနားယူသည့် ဆရာ တော်များ၏ ဘွဲ့အမည်စာရင်းကိုဖတ်ကြားလျောက်ထားခြင်း၊ လစ်လပ်မှုဖြစ်သော မြို့နယ်သံဃနာယကအဖွဲ့ ဝင်နေရာများ ၌ အစားထိုးရွေးချယ်ရန် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်တစ်ပါးက အဆိုတင်သွင်းခြင်း ၊ထောက်ခံမည့်ဆရာတော်အားပင့်ဖိတ်ခြင်းနှင့် မြို့နယ်ဥက္ကဌဆရာတော်မှ မိမိနှင့်တွဲဖက်ဆောင်ရွက်မည့် ဆရာ တော်စာရင်းအား တင်သွင်းခြင်းနှင့် အဆိုပြုထောက်ခံခြင်းကို သဘာပတိဆရာတော်မှသာဓု(၃)ကြိမ် ခေါ်ဆို စေပြီးအတည်ပြုချက်ရယူခြင်းများဆောင်ရွက်ခဲ့သည်။ ချောက်မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ် လင်းကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တကေသဝ၊မြို့နယ်သံဃာ့နာယကဒုတိယဥက္ကဋ္ဌအဖြစ် သန္တိသုခသစ်သီးစားကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာလာ နှင့် အဖွဲ့ဝင်ဆရာတော်(၁၁)ပါးတို့ကို ရွေးချယ်ခဲ့သည်။ တက်ရောက်ဆရာတော်သံဃာ (၇၇)ပါး၊ စာဖြင့်ဆန္ဒပြုဆရာတော် သံဃာ(၁၇)ပါး စုစုပေါင်းဆရာတော် သံဃာ(၉၄)ပါး တက်ရောက်ဆန္ဒပြုသည့်အတွက် ၇၈ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်၍ အခမ်းအနားအထမြောက်အောင်မြင်ခဲ့သည်။
ယင်းနောက်မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရွေးချယ်ပြီးနောက် သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒ မြွက်ကြားပြီးနောက် ``ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ အစားထိုး ရွေးချယ်ခြင်းကို ပြီးမြောက်ကြောင်း ကြေငြာပြီးအခမ်းအနားသို့ တက်ရောက်လာသော ဆရာတော်သံဃာတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါ မြို့နယ်သံဃာ့နာယကရွေးချယ်ပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)